ခမ်းသားငေါဝ်း
မတ် ၁၇၊၂၀၂၄

နောင်ကားကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများကို စက်အမျိုးမျိုး ယာဥ်အမျိုးမျိုးရှိသည့်ပြည်သူများထံ PNO ကအဆမတန် သိန်းချီ ဆက်ကြေးကောက်နေသည့်အတွက် ဒေသခံအချို့ အခက်အခဲဖြစ်ရကြောင်းသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ် ကျောက်တလုံးမြို့နယ်ခွဲ နောင်ကားကျေးရွာအုပ်စုအတွင်းရှိကျေးရွာကို PNO ပြည်သူ့စစ်က ယာဥ်များ စက်များအတွက် အခွန်ပေးဆောင်ရန် စာထုတ်ပြီး အတင်းဆက်ကြေးကောက်နေသည်။

“အာဏာသိမ်းချိန်ဆို ပြည်သူက စစ်ကောင်စီအတွက်ရော သူတို့(PNO)အတွက်ပါ အခွန်ပေးနေရတာ အဲ့လိုပေးဖို့ပြည်သူမှာ တစ်ဦးချင်းစီကိုက အခက်အခဲဖြစ်နေရတာ မပေးချင်တောင်ဘာမှမတတ်နိုင်ဘူးလေ ပေးနေရတယ် လွန်ဆန်ဖို့လည်းမလွယ်ဘူးလေ”ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

PNO ပြည်သူ့စစ်သည် ပြည်သူများထံ မည်သို့ အခွန်ကောက်ရမည်ကိုသာ စဥ်းစားပြီး အချို့ပြည်သူမှာ စစ်ဘေးရှောင်ရင်း အခွန်အခထပ်ပေးရသည့်အတွက် နှစ်ဆင့် လူ့အခွင့်ရေးချိုးဖောက်ခံရသည်ဟု သူကဆက်ပြောသည်။

PNOပြည်သူ့စစ် ဆက်ကြေးအခွန်ကောက်သည်မှာ အိမ်စီးကား ၅ သောင်း၊ တင်ဘာကား ၁၄’ပေအောက် ၁ သိန်း၊ ထွန်ကား ၁သိန်း၊ ဆယ်ဘီး ၂သိန်း၊ ဆယ့်နှစ်ဘီးတွဲ ၃ သိန်း၊ ဘက်ဖိုး ၁ တန်နှုန်း ၅သောင်း၊ စပါးကြိတ်စက် အသေး ၅ သောင်း၊အလတ် ၃သိန်း၊ အကြီး ၅ သိန်းနှင့် ဆီစက် ၁ သိန်းကျပ်တို့ကိုကောက်ခံမည်ဟုသိရသည်။

ယင်းအပြင် ပွဲရုံ အသေး ၃သိန်း၊ အကြီး ၅သိန်း၊ကြက်ခြံ တစ်ခြံ ၁ သိန်း၊ ဆီပန့်ဆိုင် အသေး ၃သိန်း၊အကြီး ၅သိန်းနှင့် သဲကျင်းအသေး ၃သိန်း၊ အကြီး ၆သိန်းစသည် သိန်းချီကောက်နေကြောင်းဆိုသည်။

“ပြည်သူတစ်ယောက်အနေနဲ့ခုလို သိန်းချီကောက်တာကို သိမြင်ရတာစိတ်မကောင်းဘူးပေါ့ လက်ရှိကုန်ဈေးနှုန်းဒီလောက်တက်နေတာသူတို့(PNO) လည်းသိသိနဲ့ကောက်နေတာက ဘာအတွက်လဲ မေးချင်တယ် တရားဥပဒေစိုးမိုးမှုမရှိတော့ အာဏာရှိသူပြုသမျှ ပြည်သူကနုရတာပေါ့”ဟု ၎င်းဒေသခံကပြောသည်။

PNO ပြည်သူ့စစ်က ပြည်သူများထံဆက်ကြေးကောက်ခြင်းနှင့်ပတ်သက်ပြီး PNO၏ တာဝန်ရှိသူ အချို့ကိုခမ်းသားငေါဝ်းအနေဖြင့်မေးမြန်းဆက်ဖုန်းဆက်သွယ်သော်လည်း ဆက်သွယ်၍ မရပါ။

ထို့အပြင် ဒေသခံများကို အတင်းဆက်ကြေးအ​​ပြင် ပြည်သူ့စစ်မှုထမ်းရန်လည်း လူငယ်များကိုဆင့်ခေါ်စုဆောင်းပြီး နောင်ကားကျေးရွာအတွင်း လူငယ် ၆ ဦးကိုလည်း စစ်ကောင်စီအတွက် ခေါ်ယူပေးခဲ့ကြောင်းစုံစမ်းသိရှိသည်။

#PPV004

You missed