ခမ်းသားငေါဝ်း
မတ်လ ၁၆၊ ၂၀၂၄
နမ္မတူမြို့၊ ပြည်သူ့ဆေးရုံတွင် CDMဆရာဝန်ကြီး အပါအဝင် ဒေသခံ CDM ကျန်းမာရေးဝန်ထမ်းများနှင့် လည်ပတ်နေပြီဖြစ်ကြောင်း မတ်လ ၁၅ ရက်နေ့က TNLA ထုတ်ပြန်လိုက်သည်။
ရှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူပြည်သူ့ဆေးရုံအား ကျန်းမာရေးဝန်ထမ်း (၁၈)ဦးဖြင့် စတင်လည်ပတ်နေခြင်းဖြစ်ပြီးအောက်မြန်မာပြည်မှ ဖိတ်ခေါ်ထားသည့် ကျွမ်းကျင်CDM ဆရာဝန်ကြီးအချို့နှင့်အတူ CDMပြုလုပ်ထားသည့် ဒေသခံ ကျန်းမာရေးဝန်ထမ်းများ၊ CBHTဆရာ/ဆရာမများ ပါဝင်သည်ဟုဆိုသည်။
“ အစပဲ ရှိသေးတာဆိုတော့ လိုအပ်ချက်တွေက ရှိပါတယ်၊ ဒါပေမယ့် ပြည်သူတွေရဲ့ ကျန်းမာရေးလိုအပ်ချက်တွေကို အချိန်မရွေး အကောင်းဆုံး ဝန်ဆောင်မှုပေးဖို့ ကျနော်တို့ ကြိုးစားနေပါတယ်၊ အခုဒီမှာက ဒေသခံ CDM ကျန်းမာရေးဝန်ထမ်းတွေက အများဆုံးပါဝင်ပါတယ်၊ ဝန်ထမ်းအင်အားက လုံလုံလောက်လောက်တော့ မရှိသေးဘူး ဒါကြောင့် ဒေသခံတွေအပြင် အနယ်နယ်အရပ်ရပ်က CDM လုပ်ထားတဲ့ ဘယ်သူ့ကိုမဆို ကျနော်တို့နဲ့ ပူးပေါင်းဖို့ ဖိတ်ခေါ်ပါတယ် ”ဟု PSLF/TNLA ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
PSLF/TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့တွင် လက်ရှိအုပ်ချုပ်ရေးယန္တရားများ အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိနေပြီး ဒေသခံပြည်သူများအား ကျန်းမာရေးဝန်ဆောင်မှု အပြည့်အဝ ပေးနိုင်ရန် ကြိုးစားလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
လက်ရှိ နမ္မတူပြည်သူ့ဆေးရုံတွင် လိုအပ်ချက်တချို့နှင့် ဝန်ထမ်းအင်အား လုံလောက်မှုမရှိသေးသော်လည်း ဒေသခံပြည်သူများ၏ ကျန်းမာရေးလိုအပ်ချက်များကို (၂၄)နာရီ အချိန်ပြည့်ပေးနိုင်ရန် ကြိုးစားဆောင်ရွက်နေသည်ဟုသိရသည်။
နမ္မတူ မြို့နှင့်အနီးဝန်းကျင်က ကျေးရွာခံပြည်သူများကို ကျန်းမာရေး ဝန်ဆောက်မှုပေးနိုင်ရန် ဒေသခံCDM ကျန်းမာရေး ဝန်ထမ်းများအပြင်အနယ်နယ်အရပ်ရပ်မှ CDMကျန်းမာရေးဝန်ထမ်းများကိုလည်းဖိတ်ခေါ်ထားသည်။
နမ္မတူမြို့အား တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLAက ပြီးခဲ့သည့် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာ(၂၈)ရက်နေ့တွင် စစ်ကောင်စီထံမှ အပြီးသတ်သိမ်းပိုက်ခဲ့သည့် မြို့လည်း ဖြစ်သည်။
#ppv002