ခမ်းသားငေါဝ်း
မတ်လ ၁၃၊ ၂၀၂၄
ရေးသားသူ- ခွန်ပေ
“ဒရုန်းပစ်ချပြီး ငိုသံဆို ဆူညံနေတာဘဲ။ ဒဏ်ရာတွေလည်းရတော့ ညည်းသံတွေရော အော်သံတွေရောဘဲ။ အဲတာနဲ့ မပြီးသေးဘူး ကလေးတွေက ညီမတို့ရှိတဲ့ သဖန်းပင်အောက် ထပ်ပြေးလာကြတယ်။ ထပ်မံပြီး ဒရုန်းက သဖန်းပင် အပေါ်တည့်တည့် ပြန်ပစ်ချတယ် ကွက်တိပစ်ချတယ်။ လွဲတောင်မလွဲဘူး”ဆိုပြီး တုန်ရီတဲ့အသံ ငိုသံ တွေနဲ့ ပြောပြနေရှာပါတယ်။ ထိုသူကတော့ နန်းစုစုပါ။
နန်းစုစုတို့က ဆီဆိုင်မြို့မှာနေပါတယ်။ ဆီဆိုင်မြို့မှာ ပြီးခဲ့တဲ့ ၂၀၂၁၊ ၂၀၂၂၊ ၂၀၂၃ခုနှစ် တွေမှာ မြို့သူမြို့သား ရွာသူ ရွာသားတွေ အေးချမ်းသာယာစွာ သွားလာလုပ်ကိုင် နေထိုင်နိုင်ကြပါတယ်။ ဒါ့အပြင် ဆီဆိုင်မြို့မှာ ကရင်နီပြည်မှ နေရပ်စွန့်ခွာသူ တစ်သောင်းနီးပါးလည်း လာရောက်ခိုလှုံ နေပါသေးတယ်။
အဲလိုသာယာတဲ့ ဆီဆိုင်မြို့လေးက ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၁ ရက်နေ့က ဟိုပုံးမြို့နယ်၊ စံဖူးရွာမှာ ပအိုဝ်းအမျိုး သားလွတ်မြောက်ရေး တပ်မတော် (PNLA) ရဲ့ လက်နက်ယဉ်တန်းကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်က တားဆီးရာကနေ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာပါ။
PNO/PNA ပအိုဝ်းလက်နက်ကိုင်အဖွဲ့ဟာ ၁၉၉၁ ခုနှစ်မှာ စစ်တပ်နဲ့ အပစ်ခတ်ရပ်စဲရေးပြုလုပ်ပြီးနောက်ပိုင်း PNO က အသွင်ပြောင်း ပြည်သူ့စစ်အဖြစ်ခံယူခဲ့ကြပါတယ်။ နှစ်စဉ် စစ်တပ်ရဲ့ ထောက်ပံ့မှုတွေနဲ့ ရပ်တည်ခဲ့ကြ ပြီး၊ စစ်တပ်၏ ခိုင်းစေမှုကိုလည်းလိုက်နာလုပ်ဆောင်ခဲ့ရပါတယ်။ နွေဦးတော်လှန်ရေးမှာလည်း PNO ပြည်သူ့စစ် က စစ်ကောင်စီနှင့် ပူးပေါင်းပြီး တိုက်ပွဲဝင်ခဲ့ရပါတယ်။
PNLO/PNLA အဖွဲ့ကတော့ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလက ထိုင်းနိုင်ငံနယ်စပ်တစ်နေရာမှာ ပအိုဝ်းအမျိုးသား ညီလာ ခံတစ်ရပ်ကျင်းပပြီး ပြန်လည်ဖွဲ့စည့်ခဲ့ပါတယ်။ ညီလာခံကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO) ခေါင်းဆောင်တွေ၊ ပအိုဝ်းပြည်သူ့လွတ်မြောက်ရေးအဖွဲ့(PPLO) ခေါင်းဆောင်တွေ၊ ပအိုဝ်းလူငယ်အစည်း အရုံး (PYO) ခေါင်းဆောင်တွေ၊ ပအိုဝ်းအလုပ်သမားအစည်းအရုံး(PLU)၊ ရဟန်းသံဃာနဲ့ ပအိုဝ်းကျေးရွာ ကိုယ်စား လှယ်၊ လူထုကိုယ်စားလှယ်တွေ တက်ရောက်ပြီး အတည်ပြုပြန်လည်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
PNLO/PNLA ဟာ ဦးသိန်းစိန်အစိုးရလက်ထက် အပစ်ခတ်ရပ်စဲရေးဖိတ်ကြားချက်ဖြင့် ၂၀၁၂ သြဂုတ် ၂၅ ရက်က ပြည်နယ်အဆင့်၊ ၂၀၁၃ မတ်လ ၂၃ ရက်နေ့က ပြည်ထောင်စု အဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုများ ပြုလုပ်ခဲ့ပါတယ်။ ၂၀၁၅ အောက်တိုဘာ ၁၅ ရက်နေ့မှာတော့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA)မှာ ပါဝင်လက်မှတ် ရေးထိုးခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးကာလမှာ PNLO/PNLAဟာ NCA မူကို စွဲကိုင်ပြီး စစ်အစိုးရနဲ့နားလည်မှုအရ ရပ်တည်ခဲ့ပါတယ်။ သို့ပေမယ့် နယ်မြေကျူးကျော်မှုနဲ့ပတ်သက်ပြီး NCA လက်မှတ်ထိုးထားတဲ့အဖွဲ့အချင်းချင်းဖြစ်တဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLO/PNLA နဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တို့ ကြိုကြား ကြိုကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၄ ရက် နေ့လည်မွန်းလွဲပိုင်း (၁) နာရီတွင် ပင်လောင်းမြို့နယ် ပင်မွန်းကျေး ရွာအုပ်စု ဝါပြုံးကျေးရွာမှာ PNLA ရဲဘော်(၅)ဦးတို့ကို PNOပြည်သူ့စစ်အဖွဲ့မှ နယ်မြေကျူးကျော်လာတယ်ဆိုပြီး ဖမ်းဆီးသတ်ဖြတ်ခဲ့ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး. နှစ်ဖက်တာဝန်ရှိသူတွေတွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းစွာ ဖြေရှင်းခဲ့ပါတယ်။
၂၀၂၄ ခုနှစ်ဇန်နဝါရီ ၂၁ ရက် မဲနယ်တောင်ဒေသ စံဖူးရွာဖြစ်စဉ်ဖြစ်ပွားပြီးနောက် ဇန်နဝါရီ ၂၂ ရက်မှာတော့ တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးတဲ့ ဆီဆိုင်မြို့နောင်ထောဝ်ကျေးရွာကို စစ်ကောင်စီကလေကြောင်းနဲ့ ဗုံးကြဲတိုက် ခိုက်ပြီး စစ်ရှောင် ပြည်သူနှစ်ဦး သေဆုံးခဲ့ရပါတယ်။ ဇန်နဝါရီ ၂၃ ရက်ကစပြီး ဆီဆိုင်မြို့သိမ်းတိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ်။ ဇန်နဝါရီ ၂၆ ရက်နေ့မှာတော့ PNLA နဲ့ မဟာမိတ်တပ်ဖွဲ့တွေက ဆီဆိုင်မြို့ ဌာနဆိုင်ရာရုံးနဲ့ ခမရ ၄၂၄ တပ်ကို အပြီးသိမ်းပိုက်နိုင်ခဲ့ပါတယ်။
အဲဒီတိုက်ပွဲကြောင့် နန်းစုစုတို့က ဆီဆိုင်မြို့ကိုစွန့်ခွာပြီး ဆီဆိုင်မြို့အနောက်ဖက် တောထဲကို ရှောင်လာ ခဲ့ကြပါတယ်။ နန်းစုစုတို့လည်း တောထဲချောက်တစ်ခု ရှာတွေ့ပြီး အဲချောက်ထဲမှာဘဲ နေရာချရှောင်ခဲ့ပါတယ်။ နန်းစုစုတို့အဖွဲ့က သက်ကြီးရွယ်အို မပါပေမယ့် အမျိုးသမီးနဲ့ ကလေးငယ် များစွာပါပါတယ်။ အဲချောက်က လုံခြုံမှု၊ နွေးထွေးမှုရှိတာကြောင့် သူတို့က အဲနေရာပဲ အချိန်ကြာ ရှောင်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲစဖြစ်တုန်း နန်းစုစုတို့က တစ်ခနဘဲပြေးရမယ် မကြာဘူးပြန်လာရမယ်ဆိုပြီး အဝတ်အစား၊ စားနပ်ရိက္ခာ အနည်းငယ်ပဲ ယူလာခဲ့ပါတယ်။ စစ်ရှောင်တာ ၃ ပတ်လောက်ရောက်တဲ့အချိန် မှာ နန်းစုစုတို့က စားနပ်ရိက္ခာတွေ မရှိတော့ပါဘူး။ အဲတာကြောင့် ဖေဖော်ဝါရီ ၁၆ ရက်မှာ နန်းစုစုတို့မှာပါလာတဲ့ စားနပ်ရိက္ခာ ကုန်သွားတာကြောင့် နန်းစုစုတို့ အဖွဲ့နဲ့ တောထဲရှောင်သူ စုစုပေါင်း ၁၂ ဦး ဆီဆိုင်မြို့ကို ပြန်ပြီး ရိက္ခာတစ်ချို့နဲ့ လိုအပ်တဲ့ ပစ္စည်းပြန် သယ်ခဲ့ ကြပါတယ်။
ပစ္စည်းပြန်သယ်တာချောချော ရှူရှူ ရှိခဲ့ပါတယ်။ ဒါပေမယ့် ပြန်ထွက်ဖို့ အတွက် လူစုခဲ့ပါတယ်။ လူစုတာလည်း စုံသလောက်ရှိပြီး ဆီဆိုင်မြို့ အထွက်နား ဘုရားဖြူ ရပ်ကွက် ၃ မှာ ပါလာတဲ့ မိသားစုဘဲကျန်ပြီး အဲဒီ မိသားစု ကိုလည်း နန်းစုစုတို့က ဝင်ခေါ်ခဲ့ပါတယ်။
အိမ်အောက် ခနနားနေချိန်မှာ အိမ်ရှင်အကိုက” အိမ်ခေါင်မိုးပေါ် ဒရုန်းရောက်နေပြီးပြေးကြ” ဆိုပြီး တုန်ရီတဲ့ အသံ ကြောက်နေတဲ့အသံ နဲ့အော်ပြောပြီး အကုန်လုံးလည်းအကာကွယ်ကိုယ်စီ ယူနေချိန်မှာပဲဒရုန်းက ရုတ်တ ရက် ဗုံးကြဲချလိုက်ပါတယ်။
ဒရုန်းဗုံးကြဲချပြီး ငိုသူကငို အော်သူကအော် ဆူညံပွက်လောရိုက်သွားပါတယ်။ ကလေးငယ်တစ်ဦးလည်း လက်ထိ သွားပြီး အဲအချိန် နန်းစုစုနားမှာ ကလေးတွေဘဲကျန်ခဲ့တယ်လို့ဆိုပါတယ်။ ဒရုန်းဗုံးကြဲပြီး အကုန်လုံးကိုယ်စီ အကာကွယ်ယူကြတာပါ။ အဲဒီနောက် ဒဏ်ရာရတဲ့ ကလေးငယ်နဲ့ ဗုံးကြဲချရာနေရာမှာ ကျန်တဲ့ကလေးတွေကို နန်းစုစုကခေါပြီး သစ်ပင်ကြီးတစ်ပင်အောက်မှာ အကာကွယ် ထပ်မံယူတယ်လို့ ဆိုပါတယ်။
အဲအချိန်မှာ ဗုံးထိထားတဲ့ ကလေးမလေးက “ရေအရမ်းဆာတယ် အဖေအမေကိုခေါ်ပေး” ဆိုပြီးပြောလို့ နန်းစုစု က ကလေးမိဘအကာကွယ်ယူရာနေရာမှာ သွားအော်ခေါပြီး ကလေးအကွယ်ယူတဲ့နား ပြန်မရောက်ခင် မှာဘဲ ဒရုန်းက ကလေးတွေရှိရာ နေရာကို ဗုံးထပ်ကြဲချ လိုက်ပါတယ်။
“အမရေ ကလေးတွေ အကာကွယ်ယူတဲ့နေရာ ထပ်ပစ်ချပြန်ပြီ ယုတ်မာလိုက်တာ သေပြီလားမသိဘူး”လို့ နန်းစုစုက ကလေးမိခင်ကို ပြောပြီး သူတို့လည်း သဖန်းပင်အောက် အကာအကွယ် ထပ်ယူကြပါတယ်။
အဲအချိန်သူတို့ သဖန်းပင်အောက် အကာကွယ်ယူတဲ့အချိန်ဘဲ ကလေးတွေက ဒဏ်ရာကိုယ်စီနဲ့ နန်းစုစုနဲ့ ကလေး မိဘရှိရာ သဖန်းပင်အောက်ကို ထပ်ပြေးလာတယ်လို့ ဆိုပါတယ်။ ကလေးတွေပြေးလာတဲ့ နောက် ဒရုန်းလည်း ထပ်မံလိုက်လာပြီး နန်းစုစုတို့ အကာကွယ်ယူရာ တစ်ဖန်းပင်အပေါ်တည့်တည့်ကို ဗုံးထပ်ကြဲချလိုက်တယ် လို့ဆိုပါတယ်။ အဲအချိန်မှာ ဗုံး နန်းစုစုတို့ မျက်စေ့ရှေ့မှာပဲ ကွဲပြီး ဘာမှ မမြင်ရတော့ဘူးလို့ ဆိုပါတယ် ။
ဗုံးက အရမ်းပြင်းတော့ သဖန်းရွက်တစ်ရွက်တောင် မရှိတော့ဘူး။ မြေတောင်အလှိမ့်လိုက် အလှိမ့်လိုက် ဖြစ်သွား တယ်။ အဲဒီမြင်ကွင်းနဲ့အတူ သူတို့နဲ့ပါလာတဲ့ ခွန်ထွန်း လက်မောင်းက သွေးတွေရေပိုက်မှာ ပန်းထွက်သလိုမျိုး ထွက်နေတယ် ပါလာတဲ့အမကလည်း သူ့ရင်ဘတ်ကိုဖိပြီး “ငါမရတော့ဘူး ငါသွားပြီထင်တယ်”ဆိုပြီး မြင်ကွင်း တွေပဲ တွေမြင်ရတယ်လို့ နန်းစုစုက ပြန်ပြောပြပါတယ်။
အဲဒီနေရာမှာ နန်းစုစုနဲ့ ကလေးမိခင်က နောက်ကျောဗုံးပေါက်ကွဲစထိပြီး နန်းစုစုက ဗုံးစလည်းခံခဲ့တယ်လို့ ပြောပါ တယ်။ ပြီးတော့အမျိုးသား ၁ ဦးလည်း ပေါင်နဲ့လက်မှာဗုံးစထိ နောက်ကလေးငယ်တစ်ဦး ပေါင်ထိ၊ နောက်က လေးငယ်တစ်ဦး ဦးခေါင်းထိပြီး ဒဏ်ရာကိုယ်စီနဲ့ရကြတယ်လို့ အဲနေ့ရဲ့အဖြစ်ပျက်ကို နန်းစုစုကပြန်ပြောပြတာပါ။
အဲအချိန်မှာ ဒရုန်းက ကိုယ့်ကိုရိပ်မိပြီး မြင်နေရပြီဆိုတော့ အမြန်ပြေးမှရမယ်။ မဟုတ်ရင် နောက်တစ်ခေါက် ထပ်ပစ်ချမယ် အဲဒါကြောင်း မြန်မြန်ပြေးမှရမယ်ဆိုပြီး နန်းစုစုတို့အဖွဲ့ ဖိနပ်ချွတ် ၊ ဝတ်ထားတဲ့ လွယ်အိတ်တွေ ချွတ် ၊ယူထားတဲ့ ရိက္ခာတွေ လွှင့်ပစ်ခဲ့ပြီး ဒဏ်ရာနဲ့ သွေးနဲ့ တောထဲအမြန် ပြန်ပြေးခဲ့ရတယ်လို့ ဆိုပါတယ်။
“ကြောက်စိတ်တွေနဲ့ ပြေးခဲ့တော့ ဒဏ်ရာတွေ ခြေထောက်တွေ နာတာတွေတောင် မသိတော့ဘူး” လို့ နန်းစုစုက ပြောပါတယ်။
အဲဒီနောက် နန်းစုစုတို့အဖွဲ့လည်း ဒရုန်းဘေးကနေ အကုန်လုံး လွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။
“တောထဲရောက်တော့ သွေးတွေကြီးဘဲ တဲနားကလူရော တောထဲရှောင်တဲ့သူရော ကျန်ခဲ့တဲ့အမရော ဘောစကိုင်း ရွက်တွေထောင်း၊ ဗီးစပ်ရွက်တွေထောင်းပြီး အနာထဲကိုသိပ်ပေး ဘာဆေးမှမရှိဘူးလေ။ တောထဲရှိတဲ့ ဆေးပင် နဲ့ဘဲ သွေးတိတ်အောင်လုပ်ရတယ် “ဟု ဝမ်းနည်းသံ ကြောက်ရွံ့သံတွေနဲ့ နန်းစုစုကပြောပြပါတယ်။
အဲည တစ်ညလုံး နန်းစုစု နောက်ကျောရခဲ့တဲ့ ဒဏ်ရာက ငါးအရိုး ကိုယ့်လည်ပင်းကို စူးသလိုပဲ အထဲမှာ ခံနေတာ ဟိုဖက် အိပ်လို့လည်းမရ ဒီဖက်လှည့်အိပ်လို့လည်းမဖြစ်နဲ့ သွေးတွေလည်း တစ်ညလုံး ထွက်နေခဲ့တယ်လို့ နန်းစုစုက ပြောပြပါတယ်။
“ဘယ်ဖက်ကျောကို လုံးဝစောင်းအိပ်လို့ မရဘူး။ ကျောမှာငါးအရိုးစူးထားသလိုဘဲ “လို့ နန်းစုစုကပြောပါတယ်။
နောက်မနက်ထိ နန်းစုစု သွေးထွက်တာလည်း မရပ်သေးသလို တစ်ခြားနန်းစုစုတို့အဖွဲ့ဒဏ်ရာကိုယ်စီ ရသူလည်း” မခံနိုင်တော့ဘူး အရမ်းနာတယ်”စတဲ့ အသံနဲ့ပဲ ကြားရတယ်လို့ ဆိုပါတယ်။
နောက်မနက်ရောက်တော့ “သွေးပူပူနဲ့ ဖိနပ်ချွတ်ပြီးပြေးခဲ့တော့ တစ်ညအိပ်ပြီး မနက်ရောက်တော့ ခြေထောက် တွေ မြေနင်းလို့တောင် မရဘူး အရမ်းနာတယ်”လို့ နန်းစုစုက ပြောပြပါတယ်။
ဒဏ်ရာကိုယ်စီ ပြင်းထန်ကြတာကြောင့် အဲအချိန်မှာ ဒီတိုင်းနေလို့မဖြစ်ဘူး ကယ်ဆယ်ရေးအဖွဲ့၊ ဆေးကုသနိုင်သူ၊ ဆေးဝါးရှိသူကို နန်းစုစုက သူ့မောင်လေးကို လိုက်ရှာခိုင်းခဲ့ပါတယ်။ ဖုန်းလိုင်း၊ အင်တာနက်လိုင်းလည်း မရ တာကြောင့် အရမ်းခက်ခဲပြီး ဘာဆိုဘာမှလုပ်လို့ မရခဲ့ဘူးလို့ဆိုပါတယ်။ နန်းစုစု မောင်လေးက ကယ်ဆယ်ရေး အဖွဲ့တစ်ဖွဲ့နဲ့တွေ့ခဲ့ပြီး ယင်းကယ်ဆယ်ရေး အဖွဲ့ထံမှဆေးနီ၊ အရက်ပြန်ပိုးသတ်ဆေးဘဲ ရှိတာကြောင့် ယင်းဆေး နဲ့ဘဲ ကုသရတယ်လို့ ဆိုပါတယ်။ ယင်းကယ်ဆယ်ရေးအဖွဲ့လည်း နန်းစုစုတို့မှာ ဒဏ်ရာကပြင်းထန်ကြတာ ကြောင့် မြို့မှာဆေးရုံတက်ကုသရန်အတွက် ယင်းဆေးကုသပေးတဲ့ အဖွဲ့ကပြောခဲ့ပါတယ်။ ဒါပေမယ့် နန်းစုစုတို့က ဆေးရုံတက်ဖို့ ငွေကြေးခက်ခဲတဲ့အပြင် လမ်းပေါ်တိုက်ပွဲတွေဖြစ်ပွားပြီး လမ်းလည်း ပိတ်ထားလို့ ဆေးရုံမတက်နိုင်ဘဲ နေခဲ့ရတယ်လို့ ပြောပါတယ်။ ငါးရက်အတွင်းမှာ ကယ်ဆယ်ရေး အဖွဲ့က ပေးတဲ့ ဆေးနီနဲ့ ပိုးသတ်ဆေးပဲသောက်ရတဲ့အပြင် ဗီးဇက်ရွတ်၊ ဘောစကိုင်း ရွက်တွေဘဲထောင်းပြီး အနာသိပ်ခဲ့ရ စစ်ရှောင် များထံပါလာတဲ့ အရက်နဲ့ ဘဲ လောင်းထည့် ခဲ့ရ အဲလိုနည်း နဲ့ သုံးခဲ့ရတယ်လို့ဆိုပါတယ်။
၅ ရက်ကြာတဲ့ချိန်မှာ ဒဏ်ရာတွေ မသက်သာဘဲ ဆိုးသထက်ဆိုးရွာလာခဲ့ပါတယ်။ ဒဏ်ရာတွေ မသက်သာတော့ ဒဏ်ရာရလို့ တစ်ပတ်ပြည့်တဲ့ရက်မှာဘဲ နောက်ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့က နန်းစုစုတို့ကို လာရောက် ကယ်ဆယ်ပေးခဲ့ပါတယ်။
ယင်းအဖွဲ့အကူအညီနဲ့ပဲ တောင်ကြီးဆေးရုံကို တက်ခဲ့ရတယ်လို့ဆိုပါတယ်။ ဆေးရုံတက်ပြီး တစ်ပတ်အကြာမှာ အကုန်လုံး ဒဏ်ရာတွေ သက်သာလာကြပြီဖြစ်ပေမယ့် နောက်ကျောဗုံးစထိထားတဲ့ နန်းစုစုကတော့ မသက်သာ ဘဲ ခွဲစိတ်ရမယ်လို့ပြောပါတယ်။
ခုဆိုဒဏ်ရာတွေသက်သာတော့ဒဏ်ရာရသူ အမျိုးသား အမျိုးသမီး ၊ ကလေးတွေ သူတို့မူလရှောင်တဲ့ တောထဲပဲ ပြန်သွားခဲ့ပါတယ်။ နန်းစုစု ဆေးကုသနေတုန်းမို့ တောင်ကြီးမှာပဲ ရှိနေသေးတယ်လို့ ဆိုပါတယ်။ ဆေးကုသ စရိတ် ကုန်ကျများတာကြောင့် နန်းစုစုလည်း အလှူရှင်ကိုဘဲ မှီခိုပြီး ဆေးကုသရတယ်လို့ ဆိုပါတယ်။ ခုနန်းစုစု ဒဏ်ရာက ခွဲစိတ်မှုမပြုလုပ်သေးပေမယ့် ဗုံးအဆိပ်ငွေ့တွေ ထွက်အောင်ဒဏ်ရာက ခွဲထားတယ်လို့ ပြောပါတယ်။
“ကျောမှာ ဖြစ်တာကြောင့် အိပ်ရတာ အရမ်းခက်တယ်။”လို့ နန်းစုစုက ပြောပြပါတယ်။
ဒရုန်းနဲ့ ပစ်ချခံရပြီးနောက် နန်းစုစုက သူရဲ့ ဖြစ်ပေါ်လာတဲ့အခြေနေကို ယခုလို ပြောပြလာ ပါတယ်။
“ဒရုန်းနဲ့ ပစ်ချခံထားရတော့ ကိုယ့်နားမှာ ယင်ကောင်တွေ၊ ပျားတွေ လာဝဲတာတောင်မှ ဒရုန်းဘဲ ထင်တယ်ပေါ့နော် စားရင်လည်း စားမရ ညဖက်လည်း အိပ်အပျော်ဘူး ဒရုန်းဘဲ ဆိုပြီးစိတ်က နိပ်စက်တယ်။ ခန္ဓာကိုယ်မကဘူး စိတ်ပါ ဒဏ်ရာရသွားတယ်။ အမြဲတမ်း ရင်တထိတ်ထိတ်နဲ့ “ဆိုပြီး နန်းစုစုက ပြောပါတယ်။
အလားတူ ဖေဖော်ဝါရီ ၁၉ ရက်နေ့ မနက် ၇ နာရီအချိန်မှာ ဆီဆိုင်ဒေသခံတွေ နေရပ်သို့ အရေးပေါ် စားဝတ်နေ ရေးဖြေရှင်းနိုင်ရန်အတွက် ပစ္စည်းများ ပြန်ယူတဲ့ကားတန်းကို စစ်ကောင်စီက ဒရုန်းနဲ့ဗုံးကြဲ တိုက်ခိုက်တဲ့ အတွက် ကြောင့်အရပ်သား (၇) ဦးပွဲချင်းပြီး သေဆုံးခဲ့ပြီး (၆) ဦး ပြင်းထန်ဒဏ်ရာရခဲ့ပါတယ်။ ဒရုန်းနဲ့ဗုံးကြဲပစ် ခတ်တိုက် ခိုက်ခံရတဲ့ ဒေသခံတွေရဲ့ ကားပေါ်အလံဖြူလည်း ထောင်ထားတယ်လို့ဆိုပါတယ်။ စစ်ကောင်စီက ရည်ရွယ်ချက် ရှိရှိ ဒေသခံပြည်သူကို ပစ်မှတ်ထား တိုက်ခိုက်နေတာဖြစ်ပါတယ်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလ တိုက်ပွဲစတင် ဖြစ်ပွားခဲ့ပြီး ၄၉ ရက် အတွင်းမှာ စစ်ကောင်စီဖက်က လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးနဲ့ အသုံးပြုတိုက်ခိုက်တာကြောင့် အရပ်သား ၄၉ ဦးသေဆုံးခဲ့ရပြီး ၆၀ ဦးထိခိုက်ဒဏ်ရာရတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး PYO ကမတ်လ ၁၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
စစ်တပ်အာဏာမသိမ်းခင် မြန်မာနိုင်ငံမှာ အရေးပေါ်လူသားချင်းစာနာမှုအကူအညီ လိုအပ်နေသူဦးရေ တစ်သန်း သာရှိခဲ့ပြီး ၃ နှစ်အတွင်း ၁၈.၆ သန်းရှိလာကာ နှိုင်းယှဉ်ပါက နိုင်ငံလူဦးရေရဲ့ သုံးပုံတစ်ပုံရှိနေပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အသိပေးထုတ်ပြန် ထားပါတယ်။ အကူအညီလိုအပ်သူ ၁၈.၆ သန်းအတွက် အဟန့်အတားမရှိတဲ့ လူသားချင်းစာနာမှု အကူညီ ပေးရေးလမ်းကြောင်းတွေ လိုအပ်နေတယ်လို့လည်း ပြောထားပါတယ်။
#Khamsarngor