ခမ်းသားငေါဝ်း
မတ် ၁၀၊၂၀၂၄

သွားလာခွင့်ကဒ်ပြုလုပ်ပေးမည်ဟုဆိုပြီး PNO ပြည်သူ့ စစ်က ပုံးအင်းဒေသတွင် ယာဥ်ပိုင်ရှင်များထံငွေကောက်ခံနေကြောင်းသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ် ပုံးအင်းဒေသတွင် PNO ပြည်သူ့စစ်က အစည်းအဝေးပြုလုပ်ပြီး ကားကြီး ကားငယ်နှင့် ထွန်စက်ရိတ်စက်များရှိသူ၏ စာရင်းကိုကောက်ယူကာ ပိုက်ဆံတောင်းသည်ဟုဆိုသည်။

“သူတို့(PNO)ကပြောတယ် ကဒ်လုပ်ပေးမယ်တဲ့၊ ကဒ်လုပ်ပေးပြီးမှ ဒီဒေသကို သွားလာတာ ပိုသာယာမယ်တဲ့၊ သူတို့အဲ့လိုပြောထားတယ်၊ ကားအဆင်မပြေဘူးပေါ့ဗျာ၊ဒေသခံကျွန်တော်တို့တွက်က သိန်းချီဆိုအခက်ခဲရှိတယ်”ဟုအမည်မဖော်လိုသူ ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ကားငယ်တစ်စီးကို ၁ သိန်းကျပ်၊ ကားကြီးတစ်စီးကို ၂ သိန်းကျပ်၊ ထွန်စက်တစ်စီးကို ၅ သိန်းကျပ်နှင့် စပါးရိတ်စက်တစ်စီးကို ၇ သိန်းကျပ်စသည်တို့ကောက်သွားမည်ဖြစ်ပြီး လက်ရှိတွင် ရွာသူကြီးများထံစာရင်းပေးနေရကြောင်းဆိုသည်။

နိုင်ငံရေးမတည်ငြိမ်သည့်ကာလတွင် PNO ပြည်သူ့စစ်က ဒေသခံများထံငွေ သိန်းချီတောင်းခံနေသည်ကို ဒေသခံများ အခက်အခဲ ပိုဖြစ်နေစေကြောင်းပြောဆိုသည်။

ပုံးအင်းဒေသတွင် ရှမ်းတိုင်းရင်းသားအများစုနှင့် ပအိုဝ်းတိုင်းရင်းသားများအတူတကွယှဥ်တွဲနေထိုင်ကြပြီး ဆန်စပါး အဓိကထွက်သည့် ဒေသဖြစ် သည်။

ထို့အပြင် ယင်းပုံးအင်းဒေသသည် နမ်းတဘက်ချောင်းဘေးမှာရှိပြီး မိုးရာသီတွင် အင်းရေပြင်ကဲ့သို့ ရေအပြည့်ရှိပြီး ယခုလိုနွေရာသီတွင် ရေပြန်ခန်းခြောက်သွားသည့်အတွက် ရေ ၆ လ ကုန်း ၆ လဟုလည်းလူများသိထင်ရှားသည့်ဒေသတစ်ခုဖြစ်သည်။

#PPV004

Leave a Reply

Your email address will not be published. Required fields are marked *