ခမ်းသားငေါဝ်း
မတ်လ ၁၀၊ ၂၀၂၄

ရှမ်းတောင်တိုက်ပွဲသည် တောင်ကြီးမြို့ထိ စစ်ပွဲကျယ်ပြန့်လာခြင်း မလာခြင်းနှင့်ပတ်သက်ပြီး စစ်ကောင်စီ အပေါ်သာမူတည်ကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ ဥက္ကဌ ခွန်မြင့်ထွန်းက ပြောဆိုလိုက်သည်။

စစ်ကောင်စီက ဆီဆိုင်မြို့နယ်အတွင်း ဓာတုအဆိပ်ငွေ့ဖြင့်အသုံးပြုပြီးတိုက်ခိုက်လာသလို လေကြောင်းအသုံးပြုဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် လူနေအိမ်ပျက်စီးမှု တစ်နေ့ထက်တစ်နေ့များလာကြောင်း PNLAထုတ်ပြန်ချက်အရသိရသည်။

‘’စစ်ကောင်စီက အခုလို လူထုကိုနှိပ်စက်ညှင်းပန်းပြပြီးတော့ တော်လှန်ရေးတပ်ဖွဲ့ကို ခြိမ်းခြောက်တယ်၊ ဖိအား ပေးတာတွေ လုပ်တယ်ဆိုရင်တော့ဖိနှိပ်မှုကြီးလေလေ တော်လှန်ရေးဟာ ပြင်းထန်လာလေဖြစ်တယ်၊ ဒါကြောင့် တောင်ကြီးအပါအဝင် အခြားသောဒေသတွေမှာ စစ်ပွဲတွေမဖြစ်ရေးကတော့ စစ်ကောင်စီတွေမှာ အဓိက မူတည်နေပါတယ်” ဟု ခွန်မြင့်ထွန်းကပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်နှင့် ဟိုပုံးမြို့နယ်တွင် နေ့စဉ်နှင့်အမျှစစ်ကောင်စီ၊ လောက်အောက်ခံ ပြည်သူ့စစ်နှင့် PNLA မဟာမိတ်တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေသည်။

ရှမ်းပြည်နယ်တောင်ပိုင်း စစ်ပွဲဖြစ်ပွားရခြင်းသည် (လုံးဟီ) စံဖူးဖြစ်စဉ်ဖြစ်ပွားပြီး စစ်ကောင်စီက တော်လှန်ရေး တပ်ဖွဲ့ကို အထင်သေးအမြင်သေးဆက်ဆံခြင်း၊ အပေါ်စီးဖြင့်ဆက်ဆံခြင်း အနိုင်ကျင့် ခြင်းတို့ကြောင့် စစ်ပွဲဖြစ်ပွားလာရခြင်းဖြစ်သည်ဟု ၎င်းဆိုသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO/PNLA သည် NCAလက်မှတ်ရေးထိုးထားသည့်အဖွဲ့ဖြစ်၍ NCA နှင့်ငြိမ်းချမ်းရေးလမ်းကြောင်းကိုမူတည်ကာ ပြဿနာကို ဖြေရှင်းခဲ့သည့်အဖွဲ့ဖြစ်ပြီး၊ အထူးသဖြင့် ကရင်နီ ပြည်ကလာသည့် စစ်ဘေးရှောင်ပြည်သူများကို စောင့်ရှောက်ရန်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် စစ်ကောင်စီက ပအိုဝ်းကျေးရွာရှိ ဘုန်းကြီးကျောင်းများ လူနေအိမ်များကို တိုက်လေယာဉ်အသုံးပြု ပြီး ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်ခြင်းများဖြင့် တော်လှန်ရေးအင်အားစုကို ဖိအားပေး ခြိမ်း ခြောက်နေကြောင်းသိရသည်။

လက်ရှိချိန်ထိ ရှမ်းတောင်တွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် လူနေအိမ်နှင့် ဘာသာရေးအဆောက်အဦး (၂၀၀) ဝန်းကျင်ထိခိုက်ပျက်စီးပြီး အပြစ်မဲ့ ပြည်သူ (၅၀) ဝန်းကျင်ထိခိုက်သေဆုံးခဲ့ပြီဖြစ်ကြောင်း ခမ်းသားငေါဝ်းရရှိသည့်အချက်အလက်အရဖြစ်သည်။

#ppv002

Leave a Reply

Your email address will not be published. Required fields are marked *