ခမ်းသားငေါဝ်း
မတ် ၇၊၂၀၂၄
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်မြောက်ဘက်ရှိ လွယ်မွန်၊ ခုတ်နမ်း၊ ကျောင်းချယ်ရွာခံများကို PNO ပြည်သူ့စစ်ထဲဝင်ရန်အတင်းဆင့်ခေါ်နေကြောင်းဒေသခံတစ်ဦးထံက သိရသည်။
PNO ပြည်သူ့စစ် လက်အောက်ခံလူကြီးအချို့က လွယ်မွန်ရွာတွင် အယောက် ၅၀၊ ကျောင်းချယ်နှင့် ခုတ်နမ်းရွာတွင် ၁၀ ဦးစီ ဆင့်ခေါ်နိုင်ရန်လုပ်ဆောင်သွားမည်ဟုဆိုသည့်အတွက် မသွားချင်သောလူငယ်များ ထွက်ပြေးတိမ်းရှောင်နေရသည်ဟုဆိုသည်။
“ခေါ်တာက အမျိုးသားရေးတစ်ခုလုံးနဲ့ မသက်ဆိုင်ပဲ အဖွဲ့အစည်းတစ်ခုအတွက်ဖြစ်နေတာမို့ သဘောမကျဘူး ခေါ်ပြီးရင်လည်း စစ်တပ်နဲ့ပူးပေါင်းဆောင်ရွက်ခိုင်းနေတာက အနိုင်ကျင့်ရာကျတယ်”ဟုဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။
PNO ပြည်သူ့စစ်သည် ဒေသတွင်းလူငယ်များအား မိမိရပ်ရွာလုံခြုံရေးနှင့် မိမိကိုယ့်ကိုကာကွယ်ရန်အတွက်ဟုဆိုပြီး လူငယ်များကိုအကြောင်းအမျိုးမျိုးခေါင်းစဉ်တပ်ကာ ခေါ်ယူနေသည်။
PNOပြည်သူ့စစ်က စစ်ကောင်စီလက်အောက်ခံဖြစ်နေသည့်အတွက် တပ်မတော်ကိုစစ်ကူအဖြင့် အင်အားဖြည့်တင်းပေးနေရပြီး လူငယ်များ ရှေ့တန်းသို့ပို့ဆောင်ခံနေရကြောင်း သိရသည်။
ယင်းရှေ့တန်းပို့ဆောင်ခံရသည့်အတွက် ဆီဆိုင်တိုက်ပွဲနှင့် ဟိုပုံးမြို့နယ်အရှေ့ဘက်ဖြစ်သည့် ထမ်းစန်းဂူဒေသ၊မိုင်းပွန်အနီးတို့တွင် ပို့ခံရပြီး သေဆုံးရသည့်လူငယ်များလည်း ရှိနေသည်။
ရှမ်းတောင်တိုက်ပွဲမဖြစ်ပွားခင် ကရင်နီပြည်မှာဖြစ်ပွားသည့်တိုက်ပွဲတို့မှာလည်း PNOပြည်သူ့စစ်က စစ်ကောင်စီ၏ တပ်ကူအနေဖြင့်ပို့ခံရပြီး အသက်ပေးသေဆုံးခဲ့ရဖူးကြောင်း သိရသည်။
#PPV004
#ဆီဆိုင်
#ပြည်သူ့စစ်ထဲဝင်ရန်
#အတင်းဆင့်ခေါ်ခံနေရ
#PNOပြည်သူ့စစ်
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက်လက်ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယို တွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့ telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။