ခမ်းသားငေါဝ်း
မတ်လ ၇၊၂၀၂၄

စီကောင်စီက ဆီဆိုင်မြို့ကို လက်နက်ကြီးအပြင် ဒရုန်းနှင့်ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ဆီဆိုင်ပြည်သူ့ဆေးရုံ အဆောက်အဦးအားထိမှန်ပြီး ပျက်စီးမှုရှိကြောင်း PNLA ထုတ်ပြန်ချက်အရ သိရသည်။

မတ်လ ၅ ရက်နေ့တွင် စစ်ကောင်စီတပ်မှ တစ်နေကုန်နီးပါး လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့်ဗုံးကြဲခြင်းကို အကြိမ်ရေ ၁၀၀ ကျော် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ပြည်သူ့ဆေးရုံအပါအဝင် လူနေအိမ်များ ထပ်မံထိခိုက်ပျက်စီးခဲ့ကြောင်း ဆိုထားသည်။

“တောက်လျှောက်ပစ်တာပေါ့ အဲ့လိုတောက်လျှောက်ပစ်ပြီး သုံးမိနစ်တစ်ကြိမ်အဲ့လိုပေါ့ ပြောရရင်တစ်နေကုန်နေနီးပါး ဆေးရုံအဆောက်အဦးနဲ့ နေအိမ်ထိခိုက်မှုရှိတယ် တိုက်ပွဲဖြစ်တုန်းမို့ ဘယ်လောက်ထိခိုက်တယ်က စာရင်းတိကျမသိရသေးဘူး”ဟု PNLA၏ ပြောရေးဆိုခွင့်ရှိသူ ခွန်ရုဲင်းယံက ခမ်းသားငေါဝ်းကိုပြောသည်။

ဆီဆိုင်မြို့ကို PNLAနှင့် မဟာမိတ်တပ်ဖွဲ့တို့ထိန်းချုပ်ထားနေဆဲဖြစ်သည့်အတွက် စစ်ကောင်စီတပ်က ဆီဆိုင်မြို့ကို ပြန်ရဖို့ နေ့စဉ်ထိုးစစ်ဆင်ရန်ကြိုးစားနေသလို လေကြောင်းဖြင့်ဗုံးကြဲခြင်း လက်နက်ကြီးပစ်ခတ်ခြင်းနှင့် ဒရုန်းဖြင့်ဗုံးကြဲခြင်းတို့ကို နေ့စဉ်ပြုလုပ်နေသည်။

စစ်ကောင်စီမှယင်းသို့ စစ်ရာဇဝတ်မှုကျူးလွန်နေခြင်းကြောင့် လူနေအိမ်၊ဘာသာရေးအဆောက်အဦး၊ စာသင်ကျောင်း နှင့် ဆေးရုံဆေးခန်းတို့အပါထိခိုက်ပျက်စီးမှု ၂၀၀ နီးပါးရှိနေကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး၏ထုတ်ပြန်ချက်အရသိရသည်။

လက်ရှိတွင် ဆီဆိုင်မြို့ကို ပြန်ရယူဖို့ စစ်ကောင်စီနှင့်လက်အောက်ခံပြည်သူ့စစ်ပူးပေါင်းတပ်များက နေ့စဉ်ထိုးစစ်ဆင်နေပြီး နှစ်ဘက်ထိတွေ့တိုက်ပွဲများလည်း ဆက်လက်ဖြစ်ပွားနေလျက်ရှိ ကြောင်းသိရသည်။

#PPV004