တွေ့ဆုံမေးမြန်းခြင်း

PNOပြည်သူ့စစ်သင်တန်းကို မိမိလုံခြုံရေးအတွက်သာဖြစ်တယ်လို့ပြောဆိုခဲ့ပေမယ့် သင်တန်းပြီးထားတဲ့လူငယ်အချို့ကို အခြားနေရာတွေမှာ သွားဖို့ စေခိုင်းခံရတဲ့အတွက် လူငယ်တွေက ဒီအပေါ်မလိုလားကြပါဘူး။

ပြည်သူ့စစ်သင်တန်းနဲ့ပတ်သက်ပြီး မတက်ချင်ပေမယ့် တက်ခဲ့ရတဲ့ပအိုဝ်းလူငယ်တစ်ယောက်နဲ့ ခမ်းသားငေါဝ်းက မေးမြန်းထားပါတယ်။

မေး။ ။မင်္ဂလာပါခင်ဗျ။
ဖြေ။ ။ဟုတ် မင်္ဂလာပါဗျ။

မေး…..။ပြည်သူ့စစ်မှုထမ်းရတာနဲ့ပတ်သက်ပြီးအမြင်ကိုအရင်ဆုံးပြောပြပေးပါဦးခင်ဗျ။
ဖြေ…..။စစ်မှုထမ်းရတာနဲ့ပက်သက်ပြီး ဒီအခြေနေဒီကာလနဲ့ ကျနော်တို့နယ်ဒေသမှာ စိတ်ဝမ်းကွဲနေကြတာမြင်ရတော့ ပြည်သူ့စစ်မှုထမ်းရတာကိုမနှစ်သက်ဘူးလို့ အရင်ဆုံးပြောချင်ပါတယ်။

မေး….။ပြည်သူ့စစ်ထဲမဝင်ချင်ပေမယ့် ခုသင်တန်းကတက်ရတယ်ဆိုတော့ ဘယ်လိုခံစားရလဲ။
ဖြေ…..။သတ်မှတ်ထားတဲ့အရွယ်ဖြစ်နေတော့ခက်တာပေါ့ ရွာဘက်မှာဆိုဘယ်လိုမှရှောင်မရဘူးဗျ မတက်ချင်လဲတက်နေရတာပဲ မနှစ်သက်တဲ့အလုပ်ကိုကိုယ်တိုင်ပါဝင်လုပ်နေရတာ တစ်ကယ်ခံရပြင်းတာ စိတ်ရောကိုယ်ပါပေါ့။

မေး…။ ပြည်သူ့စစ်ဆင့်ခေါ်ပုံနှင့် ပြည်သူ့စစ်သင်တန်းထဲအတွေ့အကြုံကိုပြောပြပေးပါဦးဗျ။
ဖြေ……။ သူတို့သတ်မှတ်ထားတဲ့အရွယ်ကို ကျေးရွာအလိုက်ဆင့်ခေါ်ပြီးတော့တက်ရတက်ရတာပဲ သင်တန်းချိန်မှာ ဘယ်ညာခြေကျင်လျှောက်ရင်းနဲ့အခြားလေ့ကျင်းမှုတွေ အနည်းကျဥ်းသင်ပြပေးပြီးတော့ လက်နက်ကိုင်ပုံ ဆောင်ပုံ ပစ်ပုံတွေလက်တွေစမ်းခိုင်းတာမျိုးပေါ့နော်အဲ့လိုတွေရှိပါတယ်။

မေး….။ သင်တန်းမှာဘယ်နှစ်ရက်တက်ရလဲ၊နောက်ဘယ်လိုလူက သင်တန်းလာပေးနေလဲ။
ဖြေ…။ ကြာချိန်တော့ ၇ ရက်ပါ သင်တန်းက အောင်းဆုဗွေးစခန်းမှာသင်တန်းတက်ထားတဲ့သူတွေကပဲ သင်ပေးတယ်။

မေး….။ ဘာလို့ပြည်သူ့စစ်ထဲမဝင်ချင်ရတာလဲ၊ရင်ထဲခံစားချက်နဲ့ အတွေ့အကြုံတွေပြောပြပေးပါ။
ဖြေ……။ ရှင်းပါတယ် ဒီပြည်သူ့စစ်ကို ဘယ်သူမှဝင်ချင်ကြမှာမဟုတ်ဘူးဆိုတာ အချို့တော့စစ်တိုက်ရမှာကြောက်တယ် အချို့တော့အကြောင်းစုံသိထားတယ် အချို့တော့ ကိုယ့်လူမျိုး လူမျိုးချင်းပြန်ကျုံးရမှာကို မလုပ်ချင်ကြဘူးအဲလိုအကြောင့်ကြောင်းမဝင်ချင်ကြတာများတယ်. လောင်နေတဲ့မီးကိုအခြားနည်းနဲ့မငြိမ်းသတ်ပဲ မီးမီးချင်းနဲ့ပြန်တိုက်တော့အတော်နဲ့ငြိမ်းနိုင်မှာမဟုတ်ဘူး ကြားကခံစားနေရတာ ကျုပ်တို့ပြည်သူတွေ သူတို့လက်နက်ခဲးယမ်းတွေအလကားရချင်ရမယ် ကျုပ်တို့ပြည်သူတွေရဲစည်းစိမ်ဥစ္စာတွေဘာတစ်ခုမှအလကားမရဘူး ခုချိန်မှာသူမိုက်လို့ငါမိုက်သလိုမျိုး လက်နက်နဲ့လက်နက်ချင် ရင်ဆိုင်တိုက်ခိုက်မယ့်အစား (တခွို့ချင်း)စိတ်ခံယူချင်း စီမံခန်းခွဲမှုတွေ ကွဲနေကြတဲ့တစ်မျိုးသားလုံးဦးဆောင်နေတဲ့နှစ်ဘက်စလုံးလူကြီးမင်းတွေလူလူချင်တွေ့ဆုံပြီး ဖြူ/နီမခွဲပဲပကတိမျက်နှာချင်းဆိုင်ပြီး ကြားခံကျုပ်တို့ပြည်သူတွေအတွက် အချိန်မနှောင်းသင့်တော့ဘူးထင်တယ်။

မေး… ။ ပြည်သူ့စစ်သင်တန်းတက်နေရတာဘယ်လိုစိုးရိမ်မှုမျိုးရှိလဲ။တက်ပြီးရင်ရော သူတို့ကဘယ်လိုလုပ်ဆောင်ခိုင်းတာတွေရှိလဲ။
ဖြေ…။ အချို့တော့ အခြားကျေးရွာမှာလုံခြုံရေးပြောပြီးသွားရတယ် ရှေ့တန်းတော့မဟုတ်ဘူးပေါ့ ရှေ့တန်းအတွက်ခေါ်သွားချင်တာမျိုးရှိကြတယ်ဒီသင်တန်းနဲ့ဒီအရည်အချင်းမျိုးက ဘယ်လိုမှမဖြစ်နိုင်တော့ ရှေ့တန်းမတက်ရတာကြားမိတာတော့ရှိတယ်အဲ့လောက်ပဲ။

မေး….။ ပြည်သူ့စစ်မှုမထမ်းချင်ပဲနဲ့ထမ်းနေရတော့ လူငယ်ပီပီပေါ့နော် ဘယ်လိုပြောချင်လဲခံစားချက်တွေပေါ့ရှိရင်ထပ်ဖြည့်ပြောပြပါဦး။
ဖြေ…။ အစောပြောခဲသလိုပဲ ခံယူမှုတွေကွဲနေတဲ့ ဦးဆောင်မှုနှစ်ဖက်အောက်မှာလမ်းရွေးရတာရှုပ်ရှုပ်ထွေးထွေးဖြစ်ရတာ အတွေးမျိုးစုံပေါ့ လူငယ်ပဲလုပ်ချင်တာ ဖြစ်ချင်တာများစွာပါ စိတ်ကူးနဲ့သာလမ်းဆုံးတော့မယ့်အခြေနေမျိုးကြုံလာတော့ လုပ်ချင်တာတစ်မျိုး လုပ်နေရတာတစ်ခြားစီဆိုတော့ ခါးသီးရတာအမှန်ပဲ။

မေး…။ ခုလိုကျေးရွာတိုင်းနီးပါးစစ်ထမ်ရန်ဆင့်ခေါ်တော့. လူငယ်တွေအဓိကဘယ်လိုအခက်ခဲတွေရင်ဆိုင်နေရလဲ။
ဖြေ….။ မသွားရင် ထပ်ခါထပ်ခါဆင့်ခေါ်ရတာမျိုးပေါ့မလွန်ဆန်နိုင်တာက အခက်ခဲဆုံးပါ စိတ်ပါပါမပါပါလုပ်နေတာမျိုးပေါ့၊အကြပ်ကိုင်ခံရတာမျိုးလူငယ်တွေကဘာမှဖြည့်ပြောခွင့်မရှိတာမျိုးပေါ့နော်၊အမှန်တရားသာဆိုရင် မခေါ်ပဲနဲ့တောင်လူငယ်တွေကဝင်လာပြီးသားခေါ်စရာမလိုတာပါ နောက်ပြီးပြောချင်တာက အကယ်လို့စစ်မှုထမ်းရတာဝန်ကျလာရင် တစ်မျိုးသားလုံးအတွက်ဆိုခွန်အားအပြည့်အဝရှိတယ်ဆိုတာကိုတော့ပြောချင်ပါတယ်။

မေး….။ နောက်ဆုံးအနေနဲ့ပြည်သူ့စစ်မှုထမ်းတွေနဲ့ပတ်သက်ပြီး အခြားလူငယ်တွေကိုဘယ်လိုပြောချင်လဲ။
ဖြေ…..။ လူငယ်တွေအတွက်ပြောချင်တာက အပျော်အပါးတွေလိုက်စားသလို ဒီခေတ်ကာလမှာ နိုင်ငံရေးနဲဆိုင်တဲ့ ဗဟုသုတတွေလဲလိုက်စားစေချင်တယ် အဲသလိုမှပြောတိုင်းခေါင်းပဲငုတ်တတ်တဲ့ဘဝမျိုးမဟုတ်တော့ပဲ အမှားအမှန်ပိုင်းခြားနိုင်စွမ်းပိိုပိုရှိလာမှ တစ်မျိုးသားလုံးအတွက်အားထားစရာကောင်းတဲ့ပြည်သူတစ်ယောက်လဲဖြစ် ဦးဆောင်မှုတစ်ခုခုနဲ့တာဝန်ကျလာရင်နောက်လိုက်နှောင်သားပါလမ်းမှန်ပေါ်မှာရပ်တည်စေနိုင်မှာလို့နောက်ဆုံးအနေနဲ့အလိုပဲ ပြောချင်ပါတယ်။

(ယခုအမေး အဖြေနဲ့ပတ်သက်​ပြီး ဖြေကြားပေးသူရဲ့ လုံခြုံရေးကြောင့် နာမည်နှင့်ဒေသကိုမဖော်ပြထားပါဘူး။)

#ppv004
#ပြည်သူ့စစ်
#သင်တန်း

ပုံစာ – ပြည်သူ့စစ်မှုထမ်းရန် ပေါမူရွာတွင် လူငယ်ကို ခေါ်ယူစည်းရုံးသည့်ပုံ

Leave a Reply

Your email address will not be published. Required fields are marked *