ခမ်းသားငေါဝ်း
မတ် ၇၊ ၂၀၂၄

နန်းတုတ်ကျေးရွာတွင် စစ်ကောင်စီတပ်က လက်နက်ကြီးမကြာခနပစ်ခတ်နေခြင်းကြောင့် ဒေသခံများနှင့် စစ်ရှောင်များထပ်မံရှောင်တိမ်းနေရကြောင်း မတ်လ(၇)ရက်နေ့ ဒေသခံထံက သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နန်းတုတ်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဖက်ခုံရှိစစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့်မကြာခဏပစ်ခတ်လာခြင်းကြောင့် ဒေသခံပြည်သူများနှင့် ကရင်နီဘက်စစ်ဘေးရှောင်များ ဘေးလွတ်ရာသို့ထပ်မံတိမ်းရှောင်နေရကြောင်း သိရသည်။

“နန်းတုတ်ဘက်ကတော့ လောလောဆယ်တော့တိုက်ပွဲမဖြစ်ပဲနဲ့ ရွာဘက်ကိုစစ်ကောင်စီက လက်နက်ကြီးနဲ့မကြာခဏပစ်နေတယ် ခုရွာထဲမှာ လူကနဲနဲပဲကျန်တော့တယ် မနေရဲကြတော့ဘူး” ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။

စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လက်နက်ကြီး ပစ်ခတ်နေခြင်းကြောင့် ဒေသခံပြည်သူများ ကြောက်လန့်ပြီး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြပြီဖြစ်သည်။

စံကားကျေးရွာဘက် ဒေသခံတစ်ဦးသည်လည်း “မနေ့မနက်အစောကြီးပဲလက်နက်သံတွေကြားနေရတယ်၊ နေ့ဘက်ရောက်တော့ တောင်ဘက်ကနေ စစ်ဘေးရှောင်တွေ အများကြီးပဲထပ်တက်လာတွေ့တော့ ကြောက်တောင်ကြောက်သွားတယ်၊ နိုင်ငံရေးကမကောင်းပါဘူးဆို တချို့တွေက ရှင်ပြုပွဲတွေလုပ်နိုင်သေးတယ်” ဟုပြောသည်။
နန်းတုတ်၊ အိမ်မူ၊ ကုန်းသာစသည့်ကျေးရွာများတွင် ကရင်နီပြည်ဘက်မှ စစ်ရှောင်လာသူများဖြစ်ပြီး စစ်ဘေးရှောင်ပြည်သူများလည်း မနေရဲကြသောကြောင့် ဘေးလွတ်ရာထပ်သွားကြသော်လည်း စားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေကြကြောင်း သိရသည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီလ(၂၈)ရက်နေ့တွင်လည်း နန်းတုတ်ရွာအတွင်း စစ်ကောင်စီလက်နက်ကြီးကျရောက်သဖြင့် ရွာသားတစ်ဦးဒဏ်ရာရရှိပြီး နေအိမ်(၃)လုံးလည်းထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။

#PPV007

Leave a Reply

Your email address will not be published. Required fields are marked *