ခမ်းသားငေါဝ်း
မတ် ၆၊၂၀၂၄

တောင်နီဈေးဟောင်းအား စစ်ကောင်စီလက် အောက်ခံဒေသတွင်း အာဏာပိုင်များက ဖျက်သိမ်းခံရမှုတွင် ဈေးသည်ဟောင်းများ မကျေနပ်ကြသလို အခက်ခဲများဖြစ်နေကြောင်း ဈေးသည်တစ်ဦးထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ် တောင်နီဈေးဟောင်းသည် ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့၌ ဖျက်သိမ်းခံလိုက်ရပြီး ယင်းနေ့မှာပင် ကျေးလက်ဖွံ့ဖြိုးရေးဈေး အမည်ဖြင့် ဈေးအသစ်ကိုဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

” ဌာနဆိုင်ရာလူကြီးတွေ ဝတ်စုံအပြည့်နဲ့ရော ရဲကားရော နောက် PNO စစ်သားတွေရောရောက်လာတယ်၊ ဈေးသည်တွေလည်းရောက်လာတယ်၊ ဒီမှာဈေးခင်းလို့မရဘူး ဈေးသစ်မှာသွားခင်းတဲ့ စစ်သားတွေက သေနတ်တွေနဲ့ဈေးသည်တွေကိုဝိုင်းထားလိုက်တာ၊ ဈေးသည်တွေအခက်ခဲဖြစ်ကုန်တာ” ဟုအမည်မဖော်လိုသည့် ဈေးသည်တစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

မူလတောင်နီဈေးသည် ဈေးဆိုင်ခန်း ၄၈၄ ခန်းရှိပြီး ယခု ကျေးလက်ဖွံ့ဖြိုးရေးအမည်ဖြင့် ဖွင့်လှစ်သည့်ဈေးအသစ်တွင် ဈေးဆိုင်ခန်း ၇၅၀ ဖြင့် တိုးချဲဖွင့်ထားကြောင်းဆိုသည်။

မတ်လ ၁ ရက်နေ့မတိုင်ခင် ဖေဖော်ဝါရီလ ၁၅ ရက်နေ့၌ ဈေးသည်အဟောင်းများကို ပြောင်းရွေ့ခိုင်းသော်လည်း ဈေးသည်များ မဘောမတူကြဘဲ ကန့်ကွက်ကြသည်။

“အဲ့နေ့သူတို့ဘူဒိုဇာကားတွေနဲ့ထိုးချဖျက်ဆီးတဲ့နေ့က သူတို့ဖျက်ဆီးနေချိန် ဖုန်းနဲ့မှတ်တမ်းရိုက်ထားမိသူကို ဖုန်းသိမ်းသွားတယ် ကံကောင်းတာ လူပါမဆွဲသွားဘူး ဈေးသည်တွေမကဘူး တောင်နီကျေးရွာခံတွေ ဘယ်သူ့မှမကျေနပ်ကြဘူး၊ လုံခြုံရေးကြောင့် မထုတ်ပြောရဲလိုင်းပေါ်မတင်ရဲကြဘူး မတရားခံနေရတယ်”ဟုဆိုသည်။

ယခုဖွင့်လှစ်ထားသည့် ဈေးအသစ်ကို ဈေးသည်ဟောင်းများ မူလနေရာစနစ်ဦးစားပေးပြန်ချပေးခြင်းပြုလုပ်ဆောင်ရွက်ပေးမှု မရှိသည့်အပြင် မဲနှိုက်စနစ်ဖြင့်သာလုပ်ဆောင်ခိုင်းကြောင်း သိရသည်။

တောင်နီဈေးသည် ၅ ရက်တစ်ဈေးဖွင့်ခြင်းကြောင့်တစ်နိုင်တစ်ပိုင် ဈေးပတ်ဈေးသည်အချို့က မဖြစ်မနေဈေးသစ်တွင် ရောက်ချနေရသော်လည်း အချို့ဈေးသည်မှာ အရှုံးခံပြီးမဲမနှိုက်သလိုဈေးသစ်သို့သွားရောက် ဈေးရောင်းခြင်းမပြုလုပ်ကြကြောင်း သိရသည်။

ဈေးသစ်ဖွင့်လှစ်ခြင်းနှင့်ပတ်သက်ပြီး မကျေနပ်သည့် ဈေးသည်ဟောင်းများသည် ဈေးသစ်ကိုကန့်ကွက်ကြောင်းစာများ ပြည်နယ်အဆင့်စာတင်ထားသော်လည်း အရေးယူဆောင်ရွက်ပေးခြင်းမရှိကြောင်း စုံစမ်းသိရသည်။

တောင်နီဈေးသည် ယခင်၌ပြည်သူပိုင် ကိုယ်ထူကိုထဖြင့် စော်ဘွားဈေးဟုသာ ခေါ်ဆိုကြကာ နောက်ပိုင်းတွင် စည်ပင်လက်အောက်ရောက်ပြီး စည်ပင်ဈေးဖြစ်သွားခဲ့ကြောင်းသိရသည်။

ယခင် ၂၀၁၂ ခုနှစ်တွင်လည်း တောင်နီဈေးကို တစ်ခါဖျက်သိမ်းခဲ့ဖူးပြီး ယခု၂၀၂၄ မတ်လ ၁ ရက်နေ့တွင် အကုန်ဖျက်သိမ်းကာ ဈေးသစ်ကို ကျေးရွာ ၏ မြောက်ဖက်တစ်နေရာမှာ ဖွင့်လှစ်ခဲ့သည်။

ဈေးဟောင်းတွင် ယခု၌ လွင်ပြင်သက်သက်သာကျန်ရှိခြင်းပြီး မူလဈေးသည်များတွင် အာဏာပိုင်များက သေနတ်အားကိုး တရားဥပဒေစိုးမိုးမှုကင်းမဲ့စွာဖြင့် မတရားအနိုင်ကျင့်ခံနေရကြောင်းပြောဆိုကြသည်။

#PPV004