ခမ်းသားငေါဝ်း
မတ်လ ၅၊ ၂၀၂၄

ပအိုဝ်းဒေသတွင် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအရ အရွယ်ရောက်သည့်သူ စစ်မှုမထမ်းမနေရမူကိုကာကွယ်ရန် PNLA တပ်မှ ဆီဆိုင်မြို့တောင်ဘက် ကျေးရွာများရှိဒေသခံများကို PNLA တပ်ထဲစစ်မှုထမ်းရန် ခေါ်ယူနေကြောင်း PNLO/PNLA တာဝန်ရှိသူ တစ်ဦးထံသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် တောင်ဘက်ကျေးရွာများ၌ အိမ်ထောင်စုဆယ်စုတွင် တစ်ဦးနှုန်းဖြင့် PNLAတပ်က စစ်မှုထမ်းခေါ်ယူနေပြီး တစ်ချို့က ရွာ၏အခြေအနေအရ မဲနိုက်စနစ်ဖြင့် ပြုလုပ်နေကြောင်း ဒေသခံများထံ သိရသည်။

‘’ဟုတ်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ စစ်မှုမထမ်းမနေရဆိုတဲ့မူကို ကာကွယ်တာ၊ အရွယ်ရောက်တဲ့သူတိုင်းသွားရတယ် စစ်ကောင်စီကအဲတာကို အကောင် ထည်ဖော်တာ၊ အဲတာကိုတားဖို့ အတွက် ကျွန်တော်တို့အင်အားလိုတယ်။ အဲဒေသမှာ လူငယ်ဆယ်ယောက်ရှိတယ် ဆယ်ယောက်သွားရမယ့်အစား တစ်ယောက်ပဲသွား အဲဒီတယောက်က ဘာလုပ်ဖို့လဲ အဲဒီကိစ္စ ကာကွယ်ဖို့ဖြစ်တယ်” ဟုPNLO တာဝန်ရှိသူတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ဆီဆိုင်တောင်ဘက် ဒေသခံတစ်ဦးက’’ သူတို့ခေါ်တဲ့လူကို ရွာသားတွေက သူ့အတွက် စရိတ်ပေးရတယ် တစ်ယောက်ကို သိန်းတစ်ရာတဲ့တစ်နှစ်လုံးစာပြောတယ် ကျွန်တော်တို့ရွာကမသွားရသေးပေးမယ့် အစည်းဝေးတော့လုပ်ပြီးပြီ၊ တစ်ချို့ရွာက သူတို့ခေါ်တဲ့သူလည်းသွားရပြီ” ဟုပြောသည်။

PNLO/PNLA ထဲစစ်မှုထမ်းရန် ခေါ်ယူခြင်းသည် မှန်ကန်သော်လည်း ငွေကြေးကောက်ခံခြင်းတစ်စုံတစ်ရာ မရှိကြောင်း၊ အကယ်၍တခြားအဖွဲ့အစည်းက လာကောက်ပါက PNLA ကိုအကြောင်း ပေးရန်လိုကြောင်း ပြောသည်။

‘’ကျွန်တော်တို့လုပ်တာက အာဏာရှင်ကိုတော်လှန်ဖို့အတွက်ဖြစ်တယ်၊ စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေ တပ်သား ကောက်ယူတာက စစ်အာဏာရှင်စနစ်ကိုကာကွယ်ဖို့အတွက်ဖြစ်တယ်၊ ကျွန်တော်တို့က ငွေကြေးကောက်ခံခြင်းမရှိဘူး။ တအိမ် ၈ သိန်း၊ သိန်းတစ်ရာ သတင်းထွက်နေတာကတော့ မဟုတ်ဘူး” ဟု PNLO/PNLA တာဝန်ရှိသူက ပြောသည်။

ဆီဆိုင်မြို့နယ် တောင်ဘက်ရှိနောင်ဗို၊ ကန်တော်လေး၊ နောင်ရင်း၊ပုံလောင်း၊ မုဲင်းဗောင်၊ ကောင်ဝိန်တန်၊ပင်ငို စသည့်ကျေးရွာများရှိ ရွာသားများ PNLA တပ်ထဲဝင်ရန်အစည်းအဝေးလုပ်ပြီး ခေါ်ယူနေကြောင်းသိရသည်။

စစ်ကောင်စီက တနိုင်ငံလုံးရှိ စစ်မှုမထမ်းမနေရ ဥပဒေအတွက် ပြည်သူ့စစ် သင်တန်းကျောင်းများအဆင်သင့်ဖြစ်ပြီဟု မတ်လ ၄ ရက်နေ့ ပြည်သူ့စစ် မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ လုပ်ငန်းအစည်းအဝေး ၏သတင်းထုတ်ပြန်ချက်အရသိရသည်။

#ppv002

You missed