ခမ်းသားငေါဝ်း
မတ် ၅၊၂၀၂၄

မိုင်းပန်မြို့နယ်ရှိ အသက် ၁၈ နှစ်အထက်လူငယ်များအား ဗာမာလူမျိုးကလွဲပြီး အခြားတိုင်းရင်း သားများကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSAမှ စစ်မှုထမ်းရန်ခေါ်ယူနေကြောင်း ဒေသခံထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင် မိုင်းပန်မြို့နယ်ရှိ ကျေးရွာများတွင် ဗာမာကလွဲ၍ ရှမ်းတိုင်းရင်းသားနှင့် အခြားတိုင်းရင်းသားတို့အပါအဝင် RCSS မှ စစ်မှုထမ်းရန်ခေါ်ယူနေပြီး လမ်းပေါ်တွင်လည်းတွေ့ရှိပါက ဖမ်းဆီးခေါ်ယူသွားကြောင်း ဒေသခံပြောပြချက်အရ သိရသည်။

“သူတို့ထုတ်ပြန်ပြီးနောက်ကတည်းကခေါ်တာပါ ဒါမဲ့အခုက ဗာမာကလွဲရင် အခြားလူမျိုးဆို လမ်းမှာတွေ့လည်းအကုန်ယူတယ်၊ အသက် ၁၈အထက် ၃၅ အောက်လူငယ်တွေယူတယ်လို့တော့ပြောတယ်”ဟု သူကပြောသည်။

အမည်မဖော်လိုသည့် ဒေသခံတစ်ဦးကလည်း”ကျွန် တော်တို့ရွာက သူတို့လက်အောက်မှာလေ ရွာမှာခေါ်တာအရမ်းကြီး အကြမ်းလုပ်ပြီးခေါ်တာမျိုးမရှိဘူး၊ ဘာလို့ဆို အချိန်မရွေးခေါ်လို့ရတယ်လေ”ဟု ပြောသည်။

၎င်းမိုင်းပန်မြို့နယ် ကောင်တန်ပင်ပီး၊ပင်တဝီးဒေသတို့တွင် ပအိုဝ်းတိုင်းရင်းသားဖြစ်သည့် ပအိုဝ်းနီအများစု နေထိုင်သည့်ဒေသဖြစ်ပြီး ပအိုဝ်းကိုလည်း RCSS/SSA ထဲတာဝန်ထမ်းရန်ခေါ်ယူနေကြောင်းသိရသည်။

RCSS/SSAသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့၌ ရှမ်းပြည်နေထိုင်သူ တိုင်းရင်းသားမျိုးနွယ်စုအားလုံး အသက် ၁၈ နှစ်ပြည့်သူတိုင်း ၆ နှစ်စစ်မှုထမ်းဆောင်ရန်ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ယခုလိုစစ်မှုထမ်းရန်ဆင့်ခေါ်မှုများ ပို၍လှုပ်ရှားလာနေကြောင်း သိရသည်။

RCSS/SSAထုတ်ပြန်ချက်တွင် ရှမ်းပြည်အတွင်းနေထိုင်သူအားလုံးအကျုံးဝင်ပြီး ဘွဲ့ရသောသူများစာသင်ကြားပို့ချခြင်းနှင့် ရုံးလုပ်ငန်းများကိုထမ်းဆောင်ရမည်ဖြစ်ကြောင်း ကြေညာထားသည်။

#PPV004

Leave a Reply

Your email address will not be published. Required fields are marked *