ခမ်းသားငေါဝ်း
မတ် ၃၊၂၀၂၄

ဆီဆိုင်မြို့နယ် ပင်စုံကျေးရွာအုပ်စုဒေသခံများ စစ်ဘေးရှောင်နေရသည့်ကြား တစ်အိမ်တစ်ယောက် ပြည်သူ့စစ် စစ်မှုထမ်းဆောင်ရန် PNOပြည်သူ့စစ်ကအတင်းခေါ်ယူနေကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။

ရှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်​မြို့ မြောက်ဘက် ပင်စုံကျေးရွာအုပ်စုအတွင်း ဝါးခြာ၊ နမ်းသြ၊ ပင်တီ စသည့်ကျေးရွာများရှိ ဒေသခံများကို PNOပြည်သူ့စစ်က စစ်မှုမထမ်းပါက ငွေ ၄ သိန်းကျပ် ပေးဆောင်ခိုင်းပြီးမပေးပါက အိမ်ခြံမြေများကို သိမ်းဆည်းမည်ဟု ခြိမ်းခြောက်နေကြောင်းသိရသည်။

“ရွာမှာ လူတောင်းတယ် PNO ထဲဝင်ဖို့တဲ့ အိမ်တိုင်းဝင်ရမယ်တဲ့ မဝင်ရင် ပိုက်ဆံ ၄ သိန်းထည့်ရမယ်၊ အဲ့ဒါမထည့်ရင် အိမ် ခြံ မြေတွေအကုန်သိမ်းမှာတဲ့”ဟုအမည်မဖော်သူ ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

​PNO ပြည်သူ့စစ်က စစ်ကောင်စီမှ ပြည်သူ့စစ်မှုထမ်းဥပဒေ အတည်မပြုခင်ကတည်းက ပအိုဝ်းပြည်သူများပြည်သူ့စစ်မှုထမ်းရန် အမိန့်ထုတ်ပြီး ပြုလုပ်ခဲ့သည်။

နောက်ဒေသခံတစ်ဦးက”နမ်းသြရွာမှာ အစည်းဝေးခေါ်တယ် ပြည်သူ့စစ်ထမ်းဖို့ အဲ့မှာသင်တန်း ၇ ရက်တက်ရမယ် ပြီးမှလူရွေးမယ်တဲ့ နည်းနည်းပိုတတ်တဲ့သူ လက်ဖြောင့်တဲ့သူကို ခေါ်မယ်တဲ့၊ ရပ်ရွာကိုကာကွယ်ဖို့လည်းဟုတ်တယ် မိမိကိုယ်ကိုကာကွယ်ဖို့လည်းဟုတ်တယ်တဲ့ အဲ့လိုပြောတယ်”ဟုပြောသည်။

ဆီဆိုင်မြို့ခံပြည်သူနှင့် ကျေးရွာခံအရပ်သားများသည် ဆီဆိုင်မြို့တိုက်ပွဲကြောင့် ဘေးလွတ်ရာကိုထွက်ပြေးနေရချိန်တွင် ယခုလိုပိုက်ဆံကောက် တပ်သားသစ်ခေါ်နေခြင်းတို့ကြောင့် အခက်အခဲဖြစ်နေရကြောင်းပြောဆိုသည်။

ဆီဆိုင်မြို့သိမ်းတိုက်ပွဲ တစ်လပြည့်ပြီဖြစ်သော်လည်း စစ်ကောင်စီ လေယာဥ်ဗုံးကြဲခြင်း၊ ဒရုန်းဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးပစ်ခတ် ခြင်းကြောင့် ဒေသခံများနေရပ်မပြန်နိုင်သေးကြောင်းသိရသည်။

#PPV004
#hsihseng
#Humanright
#ပြည်သူ့စစ်

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက်လက်ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယို တွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့ telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *