ခမ်းသားငေါဝ်း
မတ် ၅၊ ၂၀၂၄

ညီနောင်မဟာမိတ်နှင့် စစ်ကောင်စီတို့ ဆွေးနွေးပွဲရလဒ်နှင့်ပတ်သက်ပြီး ထုတ်ဖော်မပြောရန် နှစ်ဖက်သဘောတူညီထားကြောင်း စစ်ကောင်စီ၏ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

တရုတ်နိုင်ငံ၏ကြားဝင်စေ့စပ်မှုဖြင့် မတ်လ(၁)ရက်နေ့မှ(၃)ရက်နေ့ထိ တရုတ်နိုင်ငံကူမင်းမြို့တွင် မြောက်ပိုင်းညီနောင်မဟာမိတ်နှင့် စစ်ကောင်စီတို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကျင်းပခဲ့ပြီး ဆွေးနွေးပွဲရလဒ်ကို ထုတ်ဖော်မပြောရန် နှစ်ဖက်သဘောတူညီထားသည်ဟု စစ်ကောင်စီ၏ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်ကောင်စီပိုင် MWD Newsတွင် မတ်လ(၄)ရက်နေ့က ပြောကြားခဲ့သည်။

“ဒီဆွေးနွေးပွဲဟာ ငြိမ်းချမ်းရေးဆက်လက်ဆွေးနွေးရမှာကို မထိခိုက်စေရေးအတွက် ဆွေးနွေးတဲ့အချက်အလက်များကို နှစ်ဦးနှစ်ဖက်က ထုတ်ဖော်မပြောဖို့ သဘောတူညီထားတဲ့ ဆွေးနွေးပွဲ အမျိုးအစားဖြစ်ကြောင်း အသိပေးလိုပါတယ်” ဟုသူကပြောသည်။

၎င်းပြောကြားချက်အရ နိုင်ငံပိုင်နယ်နိမိတ် အချုပ်အခြာ အာဏာသည် ဆက်လက်တည်မြဲနေမည်ဖြစ်ပြီး ဒေသခံပြည်သူလူထု၏ လူမှုစီးပွားရေးနှင့် ဘဝတည်ငြိမ်ရေးကို ရှေးရှုကာ အပစ်ခတ်ရပ်စဲရေးနှင့် ပဋိပက္ခလျှော့ ချရေးလမ်းစဉ်အား ဆက်လက်ဆောင်ရွက်နေကြောင်း ဆိုထားသည်။

နယ်စပ်ဒေသ၏တည်ငြိမ်ရေး တရားဥပဒေစိုးမိုးရေး၊ နယ်စပ်ဂိတ်များစီမံခန့်ခွဲမှုမှု၊ ကုန်သွယ်မှုအစရှိသည်တို့သည် နှစ်နိုင်ငံအစိုးရများ၏ စီမံခန့်ခွဲမှုအောက်မှာသာ ရှိမည်ဖြစ်ကြောင်း ဆိုထားသည်။

နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် လုံခြုံရေးကိုထိခိုက်စေသည့် မူးယစ်ဆေးဝါးထုတ်လုပ် ရောင်းချခြင်းနှင့် ဆိုက်ဘာမှုခင်းကိစ္စများကိုလည်း နှစ်နိုင်ငံအစိုးရများမှ ပူးပေါင်းနိမ်နင်းသွားမည်ဖြစ်ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံလုံးနှင့် သက်ဆိုင်သည့် အကျိုးစီးပွားများကို မြန်မာအစိုးရအနေဖြင့် အလေးထားကာကွယ်မှု ဆက်လက်ဆောင်ရွက်နေသည်ဟု ပြောဆိုထားသည်။

မြန်မာနိုင်ငံပိုင်နယ်မြေကိုအသုံးပြုကာ အိမ်နီးချင်းနိုင်ငံများ၏ အကျိုးစီးပွားထိခိုင်အောင်လုပ်ဆောင်မည့် မည်သည့်လုပ်ဆောင်မှုကိုမှ မြန်မာနိုင်ငံက လက်ခံမည်မဟုတ်ကြောင်း ဆိုထားသည်။

#PPV007

Leave a Reply

Your email address will not be published. Required fields are marked *