ခမ်းသားငေါဝ်း
မတ် ၂၊ ၂၀၂၄

နောင်ကားကျေးရွာအုပ်စုရှိ ကျေးရွာများတွင် PNO ပြည်သူ့စစ်က စစ်ဝတ်စုံနှင့် ဒရုန်းဝယ်ရန်အတွက်တစ်အိမ်လျှင်ငါးသောင်းကျပ် ကောက်ခံနေကြောင်း ဒေသခံများက ခမ်းသားငေါဝ်းသို့ ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုရှိ ရွာတိုင်းလိုလိုတွင် မတ်လ ၁ ရက်၊ ၂ ရက်က အစည်းအဝေး ခေါ်ယူပြီး ငွေကောက်ခံခဲ့ခြင်းဖြစ်သည်။

“PNO က ပြည်သူစစ်အဖြစ်ခံယူပြီးပြီ စစ်ကောင်စီရဲ့လက်အောက်ခံဖြစ်လို့ ဝတ်စုံဖိုးတို့ ဒရုန်းဖိုးတို့က စစ်ကောင်စီကပဲတာဝန်ယူ ပေးရမှာလေ နိုင်ငံတော်ရဲ့တာဝန်လေ ခုတော့ဘာပဲလိုလို လူထုဆီကပဲကောက်နေတယ်”ဟု နောင်ပစ်ရွာ ဒေသခံလူငယ်တစ်ဦးကခမ်းသားငေါဝ်းကို ပြောသည်။

ထိုသို့ ကောက်ခံခြင်းနှင့်ပတ်သက်ပြီး ငွေကိုမနှ​မျောသော်လည်း PNO ​ပြည်သူ့စစ် သွားနေသည့်မူနှင့် လူကြီးများကို အယုံအကြည်မရှိကြောင်း ၎င်းကဆက်ပြောသည်။

နောင်ကားကျေးရွာအုပ်စု တဲခဲ(ဒုံတန်တယ်းခုဲင်း)ရွာမှ အသက် ၆၀ အရွယ်အမျိုးသားတစ်ဦးကလည်း “ငြိမ်းချမ်းရေးမယူခင်တုန်းက ဖြားအောင်ခမ်းထီအပါအဝင် ဖြားသိန်းဖေ၊ ဖြားမြင့်အောင်၊ ဖြားပီတာတို့ ဒီမှာလာခိုလှုံတော့ ထမင်းထုပ်ပို့ပေး ကျွေးမွေးခဲ့တယ် ငြိမ်းချမ်းရေးယူပြီး ဘယ်လိုကျေးဇူးဆပ်လဲဆိုတော့ ဘိန်းစိုက်လို့ဆိုပြီး ရွာသား ၃၀ ကိုဖမ်းငွေနဲ့လဲခိုင်းတယ် အဲတာအပြင် ခုလိုပဲခနခနငွေကောက်တော့တာပဲ” ဟုပြောသည်။

အဆင်ပြေသူတွေအတွက် ငွေငါးသောင်းကျပ်သည် ဘာမှမဟုတ်သော်လည်း တစ်နေ့လုပ်တစ်နေ့စားပြည်သူများအတွက် အခက်ခဲရှိကြောင်း ၎င်းကဆက်ပြောသည်။

“ဥပမာ PNO က ဖြားသိန်းဖေတို့၊ ဗိုလ်မှူးပီတာတို့ ၊ ဗိုလ်မှူး ဂျိုးစက်ဆိုတာ အရမ်းချမ်းသာတာ ဒီနောင်ကားနားတဝိုက် သူတို့မြေတွေချည်းပဲ နောင်ကားဈေးမှာတင် သူတို့ဆိုင်တွေ မနည်းဘူး ဆိုင်ခန်းတစ်ခုက ခုပေါက်ဈေးသိန်း ၈၀၀ လောက်ရှိတယ် ဘာလို့ပြည်သူလူထုကို မသနားပဲ ငွေတွေချည်းကောက်နေတာလဲ စဉ်းစားမရဘူး” ဟု နောင်ကားရွာဒေသခံ တစ်ဦးကပြောသည်။

ယခင်ကလည်း ဒေသကာကွယ်ရန် သေနတ်ဖိုးဟုဆိုကာ နောင်ကားဒေသတွင် တစ်အိမ် ၇ သောင်း ၁ သိန်းစသည်ဖြင့် ကောက်ခံခဲ့ကြောင်း သိရသည်။

စစ်ကောင်စီကိုတော်လှန်ရန်အတွက် တစ်အိမ်တစ်သိန်းထည့်ရလျှင် ထည့်ပျော်ပြီး ပအိုဝ်းအချင်းချင်းပစ်ရန်အတွက်ကြောင့် မထည့်ချင်သော်လည်း အမိန့်ကိုမလွန်ဆန်ရဲသည့်အတွက် ထည့်ရကြောင်း ဒေသခံများကဆိုကြသည်။

ဆီဆိုင်မြို့နယ်တွင် ပအိုဝ်းမျိုးသားလွတ်မြောက် ရေး တပ်မတော် PNLA နှင့် စစ်ကောင်စီတို့တိုက်ပွဲဖြစ်ပွားပြီးနောက် တောင်ကြီးတောင်ဘက်တကြောအပါအဝင် နောင်ကားကျေးရွာအုပ်စုရှိ လူငယ်များနိုင်ငံခြားသို့ တိမ်းရှောင်သွားသူရှိသလို PNLA တပ်သို့ ဝင်ရောက်သူများလည်းရှိကြောင်း သိရသည်။

#PPV001
#စစ်ဝတ်စုံဖိုးနှင့်ဒရုန်းအတွက်
#PNOပြည်သူ့စစ်က
#နောင်ကားကျေးရွာအုပ်စု
#Humanright

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက်လက်ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယို တွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့ telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *