ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၂၉၊၂၀၂၄

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်ရှိကျေးရွာများတွင် စစ်မှုထမ်းရန် စစ်ကောင်စီမှ အိမ်ထောင်စုဇယား စာရင်းများလိုက်လံကောက်နေပြီဖြစ်ကြောင်းသိရသည်။

ယင်းအိမ်ထောင်စုဇယားလိုက်လံကောက်ယူရာတွင် ကျေးရွာအုပ်စုများအပြင် မြို့တွင်းရပ်ကွက်များလည်းကောက်ယူနေပြီး အချို့ကျေးရွာ၌ ပိုက်ဆံပါကောက်နေကြောင်း စုံစမ်းသိရှိသည်။

“အိမ်ထောင်စုဇယားကောက်တာ လုပ်လာတာကြာပြီ ကျွန်တော်တို့ရွာဘက်က အရင်ရက်ကပေးလိုက်ရပြီ အိမ်ထောင်စုဇယားမိတ္တူတစ်ခုနဲ့ ပိုက်ဆံ ၂၀၀၀ ကျပ် ပေးလိုက်ရတယ် ဘာဆက်ဖြစ်လာမှာလည်းတော့မသိဘူး သူများကိုမနိုင်တော့ ကောက်ရင်ပေးရတာပါပဲ”ဟုကျေးရွာခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။

နမ့်စန်မြို့တွင် စစ်မှုထမ်းရန်ကိစ္စနှင့်ပတ်သက်၍ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၆ ရက်နေ့၌ ကျေးရွာရှိ ရွာသူကြီးများ ကျေးရွာဥက္ကဋ္ဌများကို ဆင့်ခေါ်ပြီးအစည်းအဝေးပြုလုပ်ခဲ့သလို ယနေ့ဖေဖော်ဝါရီ ၂၉ ရက်နေ့တွင်လည်း နမ့်စန်မြို့ရှိ ထွေအုပ်ရုံးတွင် အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒေသခံပြည်သူများသည် စစ်မှုမထမ်းလိုသည့် အတွက် အရွယ်ရသည့် မိမိ၏သားသမီးများအား ပြည်ပသို့ထွက်ပြေးစေသူများလည်းရှိပြီး နမ့်စန်တွင် လူငယ်အများစုထိုင်းသို့ထွက်သွားကြကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

အမည်မဖော်လိုသည့် ဒေသခံအမျိုးသားတစ်ဦးကလည်း”ဒီမှာက RCSS အဖွဲ့လည်းကောက်၊ ပြည်သူ့စစ်အဖွဲ့ လည်းကောက် ခုစစ်ကောင်စီလည်းကောက် အဘက်ဘက်က စစ်သားကောက်နေတော့ မိဘတွေက အိမ်ရောင်း၊ ကားရောင်း၊ ခြံရောင်း၊ ထွန်စက်ရောင်း ရှိတာရောင်းပြီးကိုယ့်သားမီးတွေကို ပြည်ပပို့ကြတယ် အချို့လည်းသူများဆီချေးပြီးသွားခိုင်းကြတယ် စစ်သားမဖြစ်စေချင်ကြဘူး ကျွန်တော့်မှာလည်း သားသမီးရှိ ရွာနေလည်းအဆင်မပြေ မြို့နေလည်းအဆင်မပြေ ဘယ်ကိုပို့ပေးရမှန်းမသိဖြစ်နေပါတယ်”ဟုပြောသည်။

ယခုလို စစ်မှုထမ်းဆောင်ရန်နှင့် ပတ်သက်ပြီးနမ့်စန်မြို့ရှိရပ်ကွက်နှင့် ကျေးရွာများအတွင်း မိဘပြည်သူများမှာ အခက်ခဲဖြစ်နေရကြောင်းဆိုသည်။

လက်ရှိနမ့်စန်မြို့တွင် ပြည်သူ့စစ်အဖွဲ့စုံ ရှိသည့်မြို့ဖြစ်ပြီး လောင်းကစားဝိုင်း၊ မူးယစ်ဆေး လွတ်လပ်စွာပြုလုပ်၍ရသည့်မြို့ဖြစ်ကြောင်းဒေသခံများထံ သိရသည်။

#PPV004

Leave a Reply

Your email address will not be published. Required fields are marked *