ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၂၉၊၂၀၂၄
ပအိုဝ်းအမျိုးသားဝတ်စုံကို PNO ပြည်သူ့စစ်သင်တန်း၌ စစ်ရေးပြ အသုံးပြုခြင်းနှင့်ပတ်သက်ပြီး ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုဗဟို၊ ပအိုဝ်းသံဃာတော်များအနေဖြင့်ကန့်ကွက်သင့်ကြောင်းကျေးရွာ ပအိုဝ်းရပ်မိရပ်ဖ အချို့ကပြောဆိုသည်။
ပအိုဝ်းအမျိုးသားရေးတွင် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအပြင် ပအိုဝ်းရဟန်းတော်သံဃာတော် ဆရာတော်များလည်း အထူးအရေးပါသဖြင့် ယင်းအပေါ်ကို ပအိုဝ်းတမျိုးသားလုံး၏ အနာဂတ်ကိုရှေ့ရှု့ငှဲ့ညာခြင်းအားဖြင့်ကန့်ကွက် စေလိုကြောင်းဆိုထားသည်။
“မဖြစ်သင့်တာမို့ အမှန်တကယ် တတ်နိုင်ရင်ပေါ့ ပအိုဝ်းရဟန်းသံဃာတွေ ပအိုဝ်းဆရာတော်ကြီးတွေ မေတ္တာရပ်ခံပေးစေချင်တယ် ပအိုဝ်းတိုင်း အထွဋ်မြတ်ထား ဝတ်စားဆင်ယဉ်လာတဲ့ အမျိုးသားဝတ်စုံကို စစ်ပစ္စည်း စစ်ဥစ္စာ စစ်ယူနီဖောင်းမှမဟုတ်တာ ဘာလို့ သူတို့(PNO)လူကြီးတွေ ခုလိုလုပ်တာလဲမေးချင်တယ်”ဟုတောင်ကြီးမြို့နယ်ကျေးရွာတစ်ရွာ၏ ပအိုဝ်းရပ်မိရပ်ဖ အမျိုးသားတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။
ပအိုဝ်းအမျိုးသားဝတ်စုံဖြင့် PNO ပြည်သူ့စစ်က ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၂ရက်နေ့၌ ပအိုဝ်းအမျိုးသားဝတ်စုံဝတ်ဆင်ကာ စစ်ရေးပြနေသည့် ဗွီယိုဖိုင် လူမှုကွန်ယက်စာမျက်နှာအွန်လိုင်းပေါ်မှာပျံ့နှံ့ခဲ့သည်။
ပအိုဝ်းတိုင်းရင်းသား အမျိုးသားတစ်ဦးကလည်း “ရွာကကျွန်တော့်အဘိုးအသက် ၈ဝကျော် ၉၀ နီးနေပြီ သူကပြောတယ် အာလိုးလိုး…ဝတ်စုံကသူများစစ်ဝတ်စုံလုပ်နေပြီ စိတ်လေးစရာ စိတ်မောစရာပဲတဲ့ အဲ့လိုစကားတောင်ပြောတယ် ကျွန်တော့်အနေနဲ့လည်းမြင်တုန်းက ရင်ထဲတောင်နာတယ် ညအိပ်လို့တောင်မပျော်ဘူး”ဟုပြောသည်။
PNOပြည်သူ့စစ်သင်တန်းတွင် ပအိုဝ်းလူငယ်များအား စစ်ဝတ်စုံနှင့်မဟုတ်ပဲ ပအိုဝ်းရိုးရာဝတ်စုံ ဝတ်စေကာ စစ်ရေးပြခြင်းသည် မသင့်လျော်ကြောင်း ပြောဆိုကြသည်။
PNO မှ ပြည်သူ့စစ်သင်တန်းပေး စစ်ရေးပြရာတွင် အမျိုးသားဝတ်စုံကို စစ်ယူနီဖောင်းအသုံးပြုသည်ကို ပအိုဝ်းလူငယ်အများစုကလည်း ယင်းအပေါ် ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချကြောင်း သိရသည်။
#PPV004