ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၂၉၊ ၂၀၂၄

စစ်ကောင်စီတပ်အတွင်း စစ်သင်တန်းသွားတက်ခဲ့ရသည့် ပင်လောင်းဒေသလူငယ်များ စစ်သင်တန်းပြီးဆုံးသော်လည်း အိမ်ပြန်ခွင့်မရခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် တောင်ဖက်ရှိ ကျေးရွာများတွင် PNO ပြည်သူ့စစ်က လူစုဆောင်းပေးပြီး ရင်းမှီးရှိ စစ်ကောင်စီတပ်စခန်းတွင် စစ်သင်တန်းတက်ခဲ့ရကြောင်းသိရသည်။

“သင်တန်း တက်နေတဲ့အချိန် သင်တန်းတက်တဲ့လူတွေဆီက ဖုန်းကိုသိမ်းသေးတယ် ခုတော့ပြန်ပေးပြီ ဒါပေမယ့် အိမ်ပြန်ခွင့်မရဘူး တပ်ထဲမှာပဲနေရတယ် မိသားစုတွေလာတွေ့လို့တောင်မရဘူး”ဟု ဒေသခံ တစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။

PNO ပြည်သူ့စစ်က ကျေးရွာလုံခြုံရေးအတွက်သာ စစ်သင်တန်း တက်ရမည် ပြောသော်လည်း ယခုတွင် စစ်သင်တန်းတက်ထားသူများ အိမ်ပြန်ခွင့်မရခြင်းကြောင့် ဒေသခံများနှင့် မိသားစုဝင်များက စိုးရိမ်နေကြကြောင်း သိရသည်။

“သူတို့ရှေ့တန်းပို့ခံရမှာကြောက်ကြတယ် ထွက်ပြေးရင်လည်းမလွယ်တော့ဘူးလေ စစ်သင်တန်းတက်ခဲ့တဲ့ မိဘတစ်ချို့ သောကတွေရောက်နေရကြတယ် သူတို့သားအတွက် ဟင်းတွေ၊ မုန့်တွေ၊ ဆေးတွေတောင်ပို့ခွင့်မရတော့ဘူး”ဟု ၄င်းကဆက်ပြောသည်။

ပင်လောင်းဒေသတွင် ၂၀၂၂ ခုနှစ်ကတည်းက PNO ပြည်သူ့စစ်က စစ်သင်တန်းတက်ရန် လူသစ်များ လစဉ် အတင်းအဓမ္မ စုဆောင်းခဲ့ကြောင်း သိရသည်။

ဒေသခံလူငယ်တစ်ချို့က စစ်သင်တန်းတက်ခြင်းကို မလိုလားခြင်းကြောင့် ပြည်ပသို့ထွက်ပြေးတိမ်းရှောင်ကြသူများလည်းရှိကြောင်း သိရသည်။

PPV005

Leave a Reply

Your email address will not be published. Required fields are marked *