ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၂၈၊ ၂၀၂၄

မှော်ဘီအဝိုင်းပတ်တောင်ဘက် စစ်ဆေးရေးဂိတ်တွင် မှတ်ပုံတင်ထားခဲ့ပြီးမှ ဖြတ်သန်းသွားလာနေရသောကြောင့် ဒေသခံများ အခက်အခဲဖြစ်နေကြောင်း ဖေဖော်ဝါရီလ(၂၈)ရက်နေ့တွင် ဒေသခံတစ်ဦးပြောပြချက်အရ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်မှော်ဘီအဝိုင်းပတ်တောင်ဘက် စစ်ဆေးရေးဂိတ်တွင် ယခုရက်ပိုင်းအတွင်း ဖြတ်သွားလာပါက မှတ်ပုံတင်ထားခဲ့ပြီးမှသာ ဖြတ်သန်းသွားလာခွင့်ပြုကြောင်း သိရသည်။

“အဲ့ဂိတ်ဟိုရက်တုန်းကလုံးလုံးပိတ်ထားတယ် မနေ့ကမှပြန်ဖွင့်ပေးတာ မနေ့ကကျွန်တော်မှော်ဘီသွားတော့ မှတ်ပုံတင်ပေးခဲ့ရမယ်တဲ့ ပြန်လာတဲ့ချိန်ကျမှလာယူအဲ့လိုပေါ့ ဘယ်လိုပြောပြောမရဘူး သူတို့ကိုမနိုင်တော့ပေးရတာပေါ့” ဟုမှတ်ပုံတင်ပေးခဲ့ရသည့် ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

မှတ်ပုံတင်များကိုထိုဂိတ်တွင် ပေးခဲ့ရသောကြောင့် ခရီးဝေးထွက်မည့်ဒေသခံများနှင့် လုပ်ငန်းရှင်များအတွက် အခက်တွေ့စေကြောင်း သိရသည်။

“အဲ့လိုပေးခဲ့ရတော့အဆင်မပြေဘူးလေ အခုဆိုဘယ်ပဲသွားသွားသူတို့စစ်ဆေးရေးဂိတ်တွေပဲကို လူကမှတ်ပုံတင်လည်းမပါတော့ တခြားဂိတ်မှာအဖမ်းခံရရင် ဘယ်လိုလုပ်မလည်းပေါ့ ပြီးတော့ကိုယ်ကတခြားနယ်ကလည်းမဟုတ် ဒီကဒေသခံပဲကို မှတ်ပုံတင်မှာလည်းရွာနာမည်ကအစ ရေးထားတာကို” ဟု၎င်းကဆက်ပြောသည်။

၎င်းစစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီစစ်သားနှင့် PNO ပြည်သူ့စစ်သားများရှိနေပြီး ဒေသခံအများစုက ပအိုဝ်းတိုင်းရင်းသားများဖြစ်ကြသောကြောင့် PNO ပြည်သူ့စစ်သားများအနေဖြင့် ဒေသခံပြည်သူများအတွက် တာဝန်ယူဖြေရှင်းပေးစေလိုကြောင်း ဒေသခံများကတောင်းဆိုကြသည်။

#PPV007
#မှော်ဘီအဝိုင်းပတ်
#မှတ်ပုံတင်
#စစ်ဆေးရေးဂိတ်

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက်လက်ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယို တွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့ telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *