ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၂၆၊၂၀၂၄

လွိုင်လင်မြို့နယ် မိုင်းပွန်အနီးကျေးရွာများတွင် တိုက်ပွန်းဖြစ်ပွားနေပြီး လွိုင်လင်နှင့် ပင်လုံ မြို့ ဘက်သို့ စစ်မီးကူးလာမည်ကို ဒေသခံများစိုးရိမ်နေကြကြောင်း သိရသည်။

ရှမ်းပြည်နယ် တောင်ပိုင်း ဟိုပုံးမြို့နယ် နှင့်မိုင်းပွန်မြို့အကြား ဖေဖော်ဝါရီ ၂၁ ရက်နေ့ကစပြီး ယနေ့ချိန်ထိ တိုက်ပွဲဖြစ်ပွား နေကြောင်းသိရသည်။

” ဒီဖက်ကူးလာရင် ဆန်ဝယ်ထားလည်းပြေးရရင်ထားခဲ့ရမှာပေါ့ ဆီခါကျ မဝယ်လည်း ဖြစ်လာရင် လားရှိုးဘက်လိုမျိုးကားတွေ တန်းလန်းထားပြီးပြေးနေရမှာပေါ့နော်”ဟုပင်လုံ ဒေသခံအမျိုးသမီးတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။

စစ်ပွဲသည် နီးသထက်ပို၍ နီးလာလျက်ရှိသည့် အတွက် တိုက်ပွဲဖြစ်လာလျှင် ပြေးစရာနေရာမရှိတော့မည်ကို ဒေသခံများအနေဖြင့် ကြောက်လန့်နေကြရကြောင်း ဒေသခံများပြောဆိုကြသည်။

လက်ရှိတွင်ဟိုပုံးမြို့နယ်အရှေ့ဘက်မိုင်းပွန်အနီးနေရာတို့မှာ စစ်ကောင်စီ၊လက်အောက်ခံပြည်သူ့စစ်ပူးပေါင်းတပ်နှင့် PNLA၊မဟာမိတ်ပူးပေါင်းတပ်တို့အကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိသလို စစ်ကောင်စီဘက်၌ လက်နက်ကြီးဖြင့်ရမ်းသမ်းပစ်ခတ်မှုလည်း ပြုလုပ်နေသည်။

ဖေဖော်ဝါရီ ၂၀ ရက်နေ့ တိုက်ပွဲမဖြစ်ခင်က နမ့်ဘော်ခမ်း၊ ခီးခန်းစသည့်ကျေးရွာများကို စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ခတ်နေခြင်းကြောင့် ဒေသခံများထွက်ပြေးတိမ်းရှောင်နေရပြီး ၂၁ ရက်နေ့တွင် မိုင်းပွန်လမ်းကိုပိတ်ချထားရာ ယနေ့အချိန်ပိတ်မိနေသည့်ကားများရှိနေကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် မိုင်းပွန်မှစစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် PNLA၊ မဟာမိတ်ပူးပေါင်းတို့အကြားတိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က အရာရှိ ဗိုလ်မှူး ၂ ဦးနှင့် ဗိုလ်ကြီး ၃ ဦးအပါ ၁၆ ဦးသေဆုံးခဲ့ကြောင်း PNLA က ယနေ့ရက်စွဲဖြင့်ထုတ်ပြန်ထားသည်။

#PPV004

Leave a Reply

Your email address will not be published. Required fields are marked *