ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၂၇၊၂၀၂၄

ဟိုပုံးမြို့နယ်အရှေ့ဘက်ရှိ ထမ်းစန်းဂူမှ ပင်လုံသို့ဆက်သွယ်ထားသော ကျောက်တန်းလမ်းပိုင်းတွင် ယာဥ်မတော်တဆ ဖြစ်ပွားမှုများနေသည့်အတွက် ယာယီပိတ်ထားကြောင်း ပင်လုံဒေသခံထံမှသိရသည်။

ယင်းကျောက်တန်းလမ်းတွင် ယာဉ်အသွားအလာများပြီး ဖေဖော်ဝါရီ ၂၃၊ ၂၄ ရက်တို့တွင် ယာဉ်မတော်တဆ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေများနေသည့်အတွက် ယနေ့ဖေဖော်ဝါရီ ၂၇ ရက်နေ့မှစပြီး ခေတ္တခဏပိတ်ထားရခြင်းဖြစ်ကြောင်း သိရသည်။

“ကားမတော်တဆမှုရယ် နောက်တိုက်ပွဲအခြေအနေကြောင့်ရယ်နဲ့ ခေတ္တယာယီပိတ်လိုက်တာ ပင်လုံဘက်ကနေလည်းမလွတ်တော့ဘူး ဘယ်လောက်ထိပိတ်ထားမယ်ဆိုတာလည်းမသိရသေးဘူး အဲ့ဒါ ဒီဘက်ကလူကြီးကတော့ ယာယီပိတ်ထားမယ်ပဲပြောထားတယ်။” ဟု ဒေသခံအမျိုးသားတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

တောင်ကြီး-တာချီလိတ်ဆက်သွယ်ထားသောပြည်ထောင်စုလမ်းမကြီးသည် မိုင်းပွန်ဘက်၌ တိုက်ပွဲ ဖြစ်ပွားခြင်းကြောင့် ဖေဖော်ဝါရီ ၂၁ ရက်နေ့ကပိတ်ထားပြီ ကျောက်တန်းလမ်းဘက်ယာဉ်အသွားအလာများခဲ့ကြောင်း သိရသည်။

လမ်းကိုယာယီပိတ်ထားသည့်အတွက် လမ်းတစ်ဝက်ရောက်သည့် ကားအချို့မှာလည်း နောက်ပြန်လှည့်ခဲ့ရကြောင်း စုံစမ်းသိရှိရသည်။

ယခင်ရက်ပိုင်းမှာ ကားဘရိတ်ပေါက်ပြီး ကားမတော်တဆဖြစ်ပွားရာ၌ ထိခိုက်ဒဏ်ရာရရှိသည့်သူတို့သည် လာရောက်ကူညီပေးသောပရဟိတအသင်းများလည်းမရှိကြောင်း ဒေသခံပြောပြချက်အရသိရသည်။

“လိုင်းပေါ်အချို့က ကားတွေဆယ်စီးကျော်မှောက်တယ်တို့ လူသေတာတို့ကမကြားဘူး အမှန်က ၂၃၊၂၄ ရက်တုန်းကဆက်တိုက်ဖြစ်သွားတာရယ် အဲ့မှာဒဏ်ရာရသူတွေတော့သိတယ် ပင်လုံဆေးရုံမှာဆေးကူသမှုခံယူတယ် နောက်ဒီနေ့လမ်းမပိတ်ခင်ကတော့ တစ်စီးထပ်ကျတယ်တော့ကြားတယ်။ ဘယ်နှစ်ဦးထိခိုက်တယ်က မသိရသေးဘူး။” ဟုဒေသခံတစ်ဦးက ပြောသည်။

ယင်းကျောက်တန်းလမ်းသည် အတက်အဆင်းများပြီး အချို့နေရာတွင် လမ်းပျက်နေသည့်အတွက် ယာဉ်များသွားလာသည့်အခါ ကုန်ပစ္စည်းအလွန်အကျွံမတင်ရန်နှင့် ဖြေးဖြေးမောင်းနင်ရန်လိုအပ်ကြောင်း ဒေသခံများကပြောဆိုသည်။

#PPV004

Leave a Reply

Your email address will not be published. Required fields are marked *