ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၂၆၊၂၀၂၄

ဆတ်သေ၊မြေမဲရွာဘက်တွင် PNO ပြည်သူ့စစ်များအတွက် ကားဝယ်ရန်ဟုဆိုပြီး ဆက်ကြေးကောက်သလို ​ပြည်သူ့စစ်ထဲမဝင်လျှင်တစ်ဦးကို ငွေကျပ်သိန်း ၅၀ ဒေသခံများထံ PNOပြည်သူ့စစ်ကကောက်ခံနေကြောင်းသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်းရပ်စောက်မြို့နယ် ဆတ်သေ မြေမဲကျေးရွာနှင့် တောင်ကြီးမြို့မြောက်ဘက် ဇလဲကျေးရွာဘက်တွင် ပြည်သူ့စစ်များအတွက် ကားဝယ်ပေးရန်ဆိုပြီး တစ်အိမ် ၂ သောင်းကျပ်ကောက်ခံနေပြီး စစ်မှုမထမ်းပါကသိန်း ၅၀ ပေးဆောင်ရကြောင်း သိရသည်။

“အရင်ကသေနတ်ဖိုးကောက်တယ် အခုလည်းစစ်သားအတွက်ကားဝယ်ပေးဖို့တဲ့ PNO လူကြီးတွေ ခြံအလုပ်မလုပ်လည်းစားရတယ် အခြေနေမကောင်းလေသူတို့ကြိုက်လေပဲ “ဟုအမည်မဖော်လူသူ ဆတ်သေ ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ဇလဲဒေသခံတစ်ဦးကလည်း”ကျွန်တော်တို့ရွာက တစ်အိမ်ကို ၇ သောင်းတဲ့ ကောက်တာ သူတို့ (PNO) အောက်နေနေရတာ ခုပဲကောက်တာမဟုတ် အရင်အရင်ကလည်း အမျိုးသားရေးအတွက်နဲ့ သူတို့ကောက်လာရင်ပေးရတာပဲ အမှန်ဆို ခုလောက်ဆို သူတို့ကပြည်သူထက် ပိုက်ဆံအများကြီးရှိပြီ သူတို့ပဲတာဝန်အပြည့်ဝရှိတာပေါ့။”ဟု ပြောသည်။

ယခုရက်ပိုင်းကျေးရွာအတွင်းလူငယ်များကို ရှေ့တန်းတက်ရန်စေခိုင်းရာတွင် ဟိုပုံးမြို့နယ်အရှေ့ဘက်ထမ်းစန်ဂူဘက်သို့သွားခိုင်းကြောင်း ဒေသခံပြောပြချက်အရ သိရသည်။

“ကျွန်တော်တို့ရွာကတက်ရသေးတယ် ခုတော့ပြန်လာပြီသုံးလေးရက်ကြာတယ် အမှန်က ၁၀ ရက်လောက်သွားခိုင်းတယ် အဲ့ဒါဘုန်းကြီးတစ်ပါးက မင်းတို့ကရိုးရိုးဒေသခံတွေ ရိုးရိုးသင်တန်းတက်ဖူးသူတွေပဲ မင်းတို့ပြန်ကြပါ ဒီမှာက မင်းတို့ရှေ့မှာ အသေခံနေပေးမယ့် စဲ့မန်း(စစ်ကောင်စီ)မရှိဘူး အလကားသွားမသေပါနဲ့ဆိုပြီးပြောလို့ ရွာသားတွေကပြန်လာကြတာ။”ဟု ၎င်းကဆက်ပြောသည်။

PNO ပြည်သူ့စစ်အကြီးအကဲများ ဆက်ကြေးကောက်ရာ၌ အမျိုးသားရေး၊ ရပ်ရွာလုံခြုံရေး၊ စသည်အကြောင်းအမျိုးမျိုးခေါင်းစဉ်တပ်ပြီး ပအိုဝ်းကျေးရွာများအတွင်း ငွေကြေးကောက်ခံနေကြောင်း စုံစမ်းသိရှိရသည်။

ဒေသတွင်းလူငယ်များ ပြည်သူ့စစ်သင်တန်း အတင်းဆင့်ခေါ်စဥ် ရှေ့တန်းမသွားရ စစ်မတိုက်ရ ရပ်ရွာလုံခြုံရေးအတွက်သာဖြစ်သည်ဟု ပြောဆိုထားသော်လည်း လက်ရှိ လူငယ်များကိုအကြပ်ကိုင်ဖိအားပေး ရှေ့တန်းအတင်းတက်ခိုင်း၊ သွားခိုင်းနေကြောင်းစုံစမ်းသိရှိရသည်။

#PPV004
#PNO
#ဆက်ကြေးကောက်
#ကားဝယ်ပေးရန်
#ဆက်သေမြေမဲ
#ဇလဲ
#Humanright

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက်လက်ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယို တွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့ telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *