ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၂၇၊၂၀၂၄

PNO ပြည်သူ့စစ်သည် စစ်ရေးလေ့ကျင့်ခြင်းနှင့်စစ်သင်တန်းပေး ပြုလုပ်ရာတွင် ပအိုဝ်းအမျိုးသားဝတ်စုံကို စစ်ယူနီဖောင်းအဖြစ် အသုံးပြုမှုအပေါ် ပအိုဝ်းလူငယ်များအချို့က ပြင်းပြင်းထန်ထန် ကန့်ကွက်နေကြကြောင်း သိရသည်။

ပအိုဝ်းဒေသတွင်း လူငယ်လူရွယ်များကို ပြည်သူ့စစ် အဖြစ်ခေါ်ယူစုဆောင်းပြီး ပအိုဝ်းရိုးရာဝတ်စုံဖြစ်သည် အပေါ်အကျီ အဖြူနှင့် ဘောင်းဘီ အနက်ပြာရောင်ကိုဝတ်ဆင်စေကာ သေနတ်ထမ်း၊ စစ်ရေးပြ၊ ဘယ်ညာလျှောက်သည်ကို အွန်လိုင်းပေါ်ပြန့်နှံ့ခြင်းနှင့်ပတ်သက်ပြီး ပအိုဝ်းလူငယ်တစ်ချို့က ကန့်ကွက်ကြောင်း သိရသည်။

“အခုလိုမျိုး အမျိုးသားဝတ်စုံကို စစ်ယူနီဖောင်းအဖြစ် အသုံးပြုတာ တစ်ကမ္ဘာလုံးမှာ ဘယ်သူမှ မလုပ်ပါဘူး အမျိုးသားဝတ်စုံဟာ စံနှုန်းတန်ဖိုးမြင့်မြတ်တဲ့ ဝတ်စုံဖြစ်ပါတယ် အမျိုးသားဝတ်စုံကို စစ်ယူနီဖောင်းအဖြစ် PNO ပြည်သူ့စစ်က အခုလိုအသုံးပြုတာကို ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချပါတယ် အမျိုးသားဝတ်စုံဟာ တမျိုးသားလုံးနဲ့ဆိုင်တဲ့ ဝတ်စုံပါ စကစရဲ့ ကျွန်ဝတ်စုံမဟုတ်ပါဘူး”ဟု အမည်မဖော်လိုသူ လူငယ်တစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။

နောက်လူငယ်တစ်ဦးကလည်း”အမျိုးသားလုံးဝတ်စုံကို အခုလို သေနတ်ထမ်းကြီးနဲ့က ဒါသူတို့မလုပ်သင့်ဘူး ခုလိုလုပ်ခြင်းအားဖြင့် နောက်ဆို သူများက ပအိုဝ်းဝတ်စုံဝတ်တာကို မြင်ပြီးလက်နက်နဲ့ ပစ်ခဲ့ရင် သူများကိုအပစ်သွားပြောလို့မရဘူးဒါကြောင့် ရိုးရာ ဝတ်စုံကို စစ်ယူနီဖောင်းသွားမလုပ်ဖို့ပြောချင်ပါတယ်”ဟုပြောသည်။

PNOပြည်သူ့စစ်သည် ယခုလိုလူခေါ်ခြင်း ပြည်သူ့စစ် မှုထမ်းစေခြင်းကို လူငယ်အများစုမလိုလားကြသော်လည်း အမျိုးမျိုးဖိအားပေးပြီး အတင်းအဓမ္မခေါ်ယူသင်တန်းပေးနေခြင်းကြောင့် စစ်မှုမထမ်းလိုသောလူငယ်အများစု ပြည်ပသို့တိမ်းရှောင်သွားသူများ ပိုများလာနေကြောင်း သိရသည်။

ပြည်သူ့စစ်သင်တန်းတက်ပြီးသောလူငယ်များကိုလည်း ရှေ့တန်းတက်ခိုင်းခြင်း ကျေးရွာအတွင်းမဟုတ်ဘဲ အခြားနေရာတို့၌ ကင်းစောင့်စေလွတ်ခြင်းတို့ကိုလည်းပြုလုပ်နေကြောင်း စုံစမ်းသိရှိရသည်။

သေနတ်ဖိုး၊ ရှေ့တန်းတက်စစ်သားအသုံးစရိတ်ဖိုးနှင့် စစ်သားအတွက်ကားဖိုးစသည် အကြောင်းအမျိုးမျိုးခေါင်းစဉ်တပ်ပြီး ပအိုဝ်းဒေသတွင်းရှိရပ်မိရပ်ဖများထံဆက်ကြွေးငွေ သောင်းဂဏန်းမှ သိန်းဂဏန်းထိ ကောက်ယူနေခြင်းလည်းရှိကြောင်းသိရသည်။

#PPV004

Leave a Reply

Your email address will not be published. Required fields are marked *