ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၂၅၊ ၂၀၂၄
သတင်းဆောင်းပါး
By- ppv005
“သားလွတ်အောင် သွားနော်။ သားအတွက် အကြွေးတွေ အမေ နည်းနည်းချင်း ဆပ်ပေးမယ်”ဆိုပြီး လွိုင်ကော် – အောင်ပန်း ကားလမ်းမကြီး ဘေးမှာ ခေါင်းပေါင်း ဖရိုဖရဲနဲ့ ပအိုဝ်းအမျိုးသမီးကြီး တစ်ဦးက သားဖြစ်သူကို စိတ်ဓာတ် ကြံ့ခိုင်အောင် အားပေးစကား ပြောနေတာဘဲ ဖြစ်ပါတယ်။ ထိုအမျိုးသမီးကြီးကတော့ နန်းခမ်းဖြစ်ပါတယ်။
နန်းခမ်းရဲ့ သားက ရွာမှာ PNO ပြည်သူ့စစ်ထဲဝင်ဖို့အတွက် ကံစမ်းမဲ နိုက်တဲ့အချိန်မှာ ကံစမ်းမဲ ပေါက်သူဖြစ်လို့ မဝင်မနေရ ဝင်ရမယ်။ မသွားမနေရ သွားရမယ်ဆိုပြီး အမိန့်နဲ့လာတာကြောင့် နန်းခမ်းက သူ့သားကို ပြည်ပပို့ဖို့ ကြိုးစားနေတာပါ။
တစ်ချိန်တည်းမှာ စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်က ပြဋ္ဌာန်းခဲ့တဲ့ စစ်မှုမထမ်းမနေရ “ပြည်သူ့စစ်မှုထမ်းဥပဒေ”ဟာ စတင်အာဏာတည် အသက်ဝင်တယ်ဆိုပြီး စစ်ကောင်စီက၂၀၂၄ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်ညပိုင်းက ထုတ်ပြန်ကြေညာ လိုက်ပါတယ်။
အဲဒီထုတ်ပြန် ပြီးနောက်မှာ တစ်နိုင်ငံလုံး အုံးအုံးကြွက်ကြွက် စိုးရိမ်စိတ်တွေ ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ပအိုဝ်းဒေသမှာတော့ အခုမှမဟုတ်ဘဲ လွန်ခဲ့တဲ့ ၃ နှစ် မင်းအောင်လိူင် အာဏာသိမ်းပြီး ၂၀၂၁ခုနှစ်ကတည်းက ပအိုဝ်း လူငယ်တွေကို ပြည်သူ့စစ် စစ်မှုထမ်းဖို့ ရှိခဲ့တာပါ။ အဲကတည်း တိုင်ရင်းသားဒေသမှာ ကြောက်စိတ်၊ စိုးရိမ်စိတ်နဲ့ နေနေခဲ့ရတာ ဖြစ်ပါတယ်။
နန်းခမ်းရဲ့သား နိုင်ငံခြားသို့ ထွက်ဖို့အတွက်ငွေလည်း မရှိတာကြောင့် ရွာထဲ ပိုက်ဆံပတ်ချေး ရပါတယ်။ ထိုင်းကို အောက်လမ်းနဲ့ ဝင်ဖို့အတွက် ကျပ်ငွေ သိန်း၂၀ ပွဲစားခပေးရတာပါ။ အဲဒီနောက်အတိုး ၃ ကျပ်တိုး နဲ့ ရွာက အသိဆီ နန်းခမ်းက ငိုယိုပြီး သူနေထိုင်တဲ့ အိမ်နဲ့ မြေကို အပေါင်ထားပြီး ချေးခဲ့ရပါတယ်။
ပိုက်ဆံရတော့ ပင်လောင်းကနေမှ တောင်ကြီး ၊တောင်ကြီးကနေမှ ပင်လုံမြို့မှာ ရှိတဲ့ ထိုင်းနိုင်ငံ ကို ခေါ်သွားမယ့် ပွဲစားဆီကို သွားဖို့ ကားလမ်း ဘေးမှာ နန်းခမ်းက သူ့သားကို နှုတ်ဆက် နေတာပါ။
“ကျွန်မတို့မိသားစုမှာ အမေတစ်ခု သားတစ်ခုဘဲရှိတာမို့ တစ်ခါမှ မခွဲဖူးဘူး။ ခွဲတော့လည်း မျက်ရည်တွေ မထိန်းနိုင်ဘူး”လို့ နန်းခမ်းက ပြောပါတယ်။
နန်းခမ်းတို့က ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ် တောင်ဖက်ခြမ်း ကျေးရွာတစ်ရွာမှာ နေထိုင်ပါတယ်။ အရင်တော့ နန်ခမ်းတို့မိသားစုဟာ အမေတစ်ခု သားတစ်ခုသာ ရှိတာမို့ ဘဝက အေးအေးချမ်းချမ်းပါဘဲတဲ့။ နန်းခမ်းရဲ့ သားက ခွန်ဗွာလို့ ခေါ်ပါတယ်။ နန်းခမ်းက သားဖြစ်သူ ခွန်ဗွာ ၂ နှစ်အရွယ် ကတည်းက အမျိုးသားနဲ့ ကွဲသွားတာဖြစ်ပါတယ်။ တခုလပ်ဘဝနဲ့ အိမ်ထောင်မပြုတော့ဘဲ သားဖြစ်သူ ခွန်ဗွာ ကို အသက် ၂၀ အထိ တစ်ယောက်တည်း ပြုစုပျိုးထောင် ခဲ့တာပါ။ အမေတစ်ခု သားတစ်ခု ဖြစ်တာကြောင့် တစ်ယောက် နဲ့ တစ်ယောက်လည်း အရမ်းချစ်ပြီး သံယောဇဉ်လည်း ကြီးရှာပါတယ်။
ခုဆို နန်းခမ်းက အသက် ၄၅ နှစ်အရွယ် ရှိပါပြီ။ “အသက်ကြီးမှ သားနဲ့ခွဲရမယ်လို့ မတွေးခဲ့ဖူးဘူး”ဟု သူ့သားအပေါ် သံယောဇဉ်ကြီးမားပုံကို ပြောပြပါတယ်။
သူတို့သားအမိဟာ လုပ်ငန်းကြီးကြီးမားမား လုပ်ကိုင်တာမရှိပေမယ့် ပြောင်း၊ ဂျင်း၊ လက်ဖက်၊ မြေပဲ အနည်းငယ်စီ စိုက်ပျိုးကြပါတယ်။ နှစ်တိုင်း စားဖို့သောက်ဖို့ လုံလုံလောက် လောက်ရှိပြီး တစ်နှစ်ကို အနည်းငယ်စီ စုမိပါသေးတယ်။
နန်းခမ်းတို့ နေထိုင်တဲ့ ပင်လောင်းမြို့နယ်ဟာ PNO ပြည်သူ့စစ် ထိန်းချုပ်ရာ ဒေသပါ။ PNO ပြည်သူ့စစ်ဟာ ၁၉၇၃ ခုနှစ်မှာ ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေးအဖွဲ့မှ ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး အဖြစ် ခွဲထွက်ခဲ့ပါတယ်။
ထိုမှတစ်ဆင့် ၁၉၇၆ ခုနှစ်တွင် ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦးနဲ့ ခွန်ရဲနောင် ဦးဆောင်တဲ့ အဖွဲ့ပေါင်း၍ PNO အဖွဲ့ဟုပြောင်းလဲ ဖွဲ့စည်းခဲ့ပါတယ်။ ထို့နောက် ၁၉၉၁ ခုနှစ်တွင် စစ်အစိုးရ နှင့် အပစ်ရပ်ခဲ့ပါတယ်။ ထိုကာလမှ စတင်ကာ စစ်အစိုးရနဲ့ ပူးပေါင်းမှု အရှိန်မြင့်တင်ခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပါတယ်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက်မှာတော့ နန်းခမ်းတို့ ဒေသမှာ ကုန်ဈေးနှုန်း အဆမတန် ဈေးမြှင့်တက် လာတဲ့အပြင် PNO ပြည်သူ့စစ်ဟာလည်း ဆက်ကြေးတွေ တစ်လ သုံးကြိမ်မက ကောက်ခံလာခဲ့ပါတယ်။
ကောက်ခံတဲ့ ဆက်ကြေးတွေကျ တော့ ဒေသတွင်းလုံခြုံ ရေး ကာကွယ်ဖို့၊ ကျည်ဆံဖိုး၊ ရေပိုက်ဖိုး၊ ပြည်သူ့စစ်စီးရန် အတွက် ကားဖိုး၊ ရှေ့တန်းတက်ပြီး ကျန်ရှိတဲ့ စစ်သားမိန်းမ အတွက် ထောက်ပံ့ဖို့ စတာ တွေကို ခေါင်စဉ်အမျိုးမျိုးတပ်ပြီး သောင်းဂဏန်းကနေ မှ သိန်းဂဏန်းအထိ ကောက်ခံ လာပါတော့တယ်။
ဒီအချိန်မှာ ပင်လောင်း ဒေသခံပြည်သူတွေ စားဝတ်နေရေး အဓိက မှီခိုတဲ့ လက်ဖက်၊ဂျင်းစတဲ့ ကုန်စိမ်း ဈေးနှုန်း တွေလည်းတစ်ဟုန်ထိုး ထိုးကျလာပြီး တောင်သူများရဲ့ စားဝတ်နေရေးဟာလည်း ခက်ခဲလာခဲ့ ရပါတယ်။
ဒီလို ပြည်သူတွေ ခက်ခဲ နေချိန် စီးပွားရေး ချွတ်ချုံကျ နေတဲ့အချိန် PNO ပြည်သူ့စစ်ဟာဆက် ကြေးတွေ အမျိုးမျိုး ကောက်နေတော့ ပြည်သူဟာလည်း တစ်ပူ ပေါ် နှစ်ပူဆင့် ဖြစ်ခဲ့ရပါတယ်။
နန်းခမ်းတို့မိသားစုဟာလည်း နှစ်ပေါင်းများစွာစုထားတဲ့ ပိုလျှံတဲ့ ပိုက်ဆံဟာလည်း ထုတ်သုံးရပါ တော့တယ်။ “ကုန်ဈေးနှုန်းလည်း ကြီး၊ သူတို့ပိုက်ဆံ ကောက်တာကလည်း ၈သောင်း ၁သိန်း ဆိုတော့ အရမ်းများတယ်”လို့ နန်းခမ်းက ပြောပါတယ်။
ကြီးမြင့်လာတဲ့ ကုန်ဈေးနှုန်းနဲ့ PNO ကကောက်တဲ့ ဆက်ကြေးတွေ လတိုင်း ထည့်နေရတာကြောင့် နန်းခမ်းတို့မိသားစု စီးပွာရေး ဝင်ငွေဟာလည်း လုံလောက်မှု မရှိတဲ့အပြင် စုဆောင်းတာတွေလည်း မရှိ တော့ဘဲ ပူပင်နေကြရတော့တယ်။
စားဝတ်နေရေး ပူပင်နေရတဲ့ နန်းခမ်းက တော့ ယခုမနက် ကြားရတဲ့ သတင်းက စိတ်မကောင်းစရာပင် ဖြစ်တယ်။ အချိန်အားဖြင့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၆ရက် နေ့ဖြစ်ပါတယ်။ ပင်လောင်း မြို့နယ် တောင်ဖက်စွန့် ကျေးရွာဖြစ်တဲ့ နမ်းနိန်း၊ တောင်မဲသင်း၊ လုံးပျဉ် ဒေသမှာ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွား နေလို့ ရွာသားတွေ ထွက် ပြေးတိမ်း ရှောင်ရတဲ့ သတင်းဘဲဖြစ်တယ်။
နန်းခမ်း တို့ကလည်း ပင်လောင်းမြို့နယ် ဖြစ်တဲ့အတွက် စစ်ကောင်စီ လက်နက်ကြီးသံ၊ လေယာဉ်နဲ့ ဗုံးလာကြဲတဲ့ အသံလည်း ထင်ထင်သားသား ကြားနေရပါတယ်။ စားဝတ် နေရေးအတွက် ခက်ခဲ နေတဲ့ နန်းခမ်းတို့သားအမိကျ တော့ သူတို့နေထိုင်တဲ့ ရွာစစ်မီးကူးလာမည်ကို စိုးရိမ် နေ ပါတယ်။
ပင်လောင်း တောင်ဖက်အစွန်တိုက်ပွဲဟာ တစ်ရက်ပြီး တစ်ရက် ပိုပြင်းထန်လာတယ်။ စစ်ကောင်စီဖက်လည်း အကျရှုံးများတာကြောင့် သာလွန်အင်အားနဲ့ ထိုးစစ်ဆင်လာတဲ့အပြင် လေယာဉ်နဲ့ရော လက်နက်ကြီးနဲ့ပါ နေ့နေ့ညည တိုက်ခိုက်လာခဲ့ပါတယ်။ မတ်လ၁၁ ရက်နေ့ ရောက် တော့ နမ်းနိန်းရွာထဲ PDF ဝင်လာတာကို လက်ခံတယ်ဆိုပြီး စစ်ကောင်စီနဲ့ပူးပေါင်းတပ် PNO ပြည်သူ့စစ်က ရွာကိုမီးရှို့ခဲ့ပါတယ်။ အိမ်ခြေ ၁၀၀ ကျော် မီးလောင်တဲ့အပြင် ဘုန်းကြီး ကျောင်းမှာ ခိုလှုံ နေတဲ့ ရွာ စောင့်ဖို့ ကျန်တဲ့ အမျိုးသမီး ၁ဦး၊ အမျိုးသား ၁၇ ဦးနဲ့ ကျောင်းထိုင်ဘုန်ကြီးအပါ သံဃာ ၃ဦးကို ဦးခေါင်းချည်း ပစ်ခတ်သတ်ဖြတ်ခဲ့တယ်။ ထိုသတင်းဟာ ရွာမှာကျန်တဲ့သူအပ အဝေးရှောင် နေတဲ့ ရွာခံတွေ မသိရှိခဲ့ပါဘူး။ မတ်လ ၁၃ရက် နေ့ရောက်မှ စစ်ကောင်စီ လော်ဘီ ကိုသက် အကောင့်နဲ့ PNO ပြည်သူ့စစ် လော်ဘီ Khun San Aung အကောင့်မှ နမ်းနိန်းမှာ ကရင်နီပဒတ် တွေကို နိမ်နှင်းနိုင်ခဲ့တယ် ဆိုပြီး ဓာတ်ပုံနဲ့တကွ တင်လာခဲ့တယ်။ နမ်းနိန်းရွာသား တွေ ကြည့်လိုက်တဲ့အချိန်မှာ PDF တွေ မဟုတ်ဘဲ သာမာန်အရပ်သား နဲ့ ကျောင်းထိုင် သံဃာတော်တွေပဲ ဖြစ်နေပါတယ်။ ရွာသားတွေလို့ အတည်ပြုချက်ရတော့ စစ်ကောင်စီ လော်ဘီအကောင့်နဲ့ PNOလော်ဘီအကောင့်မှ ရွာသားတွေကို PDF တွေက သတ်သွားပြီး ရွာကို မီးရှို့ ခဲ့တယ်ဆိုပြီး ပြည်သူတွေကို ပြောင်းလဲ ဝါဒဖြန့်ခဲ့ပါတယ်။ နမ်းနိမ်းကိစ္စနဲ့ ပတ်သက်ပြီး PDF, KNDF ကို အလိုမရှိကြောင်း ကိုတောင်ကြီး ပအိုဝ်း အမျိုးသား ကွင်းမှာ ဆန္ဒ ဖော်ထုတ်ပွဲ PNOနဲ့ စစ်ကောင်စီက ဦးဆောင်ပြီး လုပ်ခဲ့ပါ သေးတယ်။ ယင်းဆန္ဒပြပွဲမှာ နမ်းနိန်း ရွာခံ တစ်ဦး တစ်ယောက်မှ မပါဘူး လို့လည်း သိရပါတယ်။
ထိုသတင်းကို ကြားရတဲ့ နန်းခမ်း တစ်ယောက်မှာ တော့ တိုက်ပွဲဖြစ်ရင် အဆင်သင့်ဖြစ်အောင်အစား ခြောက်အချို့ ၊ ဆေးဝါးအချို့နဲ့ အရေးကြီးတဲ့ မှတ်ပုံတင်၊ အိမ်ထောင်စု ဇယားကို တစ်စုတစည်းတည်း ထားပါ တော့တယ်။ သို့ပေမယ့် တိုက်ပွဲ က နမ်းနိန်း၊ တောင်မဲသင်း ဒေသတစ်ဝိုက်ဘဲ အချိန်အကြာကြီး ဖြစ်ပွားခဲ့ပါတယ်။ ၂၀၂၃ခုနှစ်၊ မတ်လ ၂၀ရက် ရောက် တော့ PNOပြည်သူ့စစ် ကနေမှ တစ်ဆင့် ကျေးရွာအုပ်ချုပ်ရေးမှူးထံ ရွာသူကြီးထံ ၊ အရွယ် ရောက်ပြီးတဲ့ အမျိုးသားတွေကို စစ်သင်တန်း တက်ရမယ် ဆိုပြီး ပြောဆို အမိန့်ပေးလာခဲ့ပါတယ်။
PNO အနေနဲ့လည်း ယခု ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF တွေပအိုဝ်း နယ်မြေကို ကျူး ကျော် ဝင်လာနေပြီဖြစ်လို့ အသက် ၁၈ မှ အသက် ၄၀ အရွယ် အမျိုးသားများ PNA ပြည်သူ့စစ်ထံ လာရောက် စစ်မှုထမ်းကြရန် တရားဝင် ထုတ်ပြန်လာခဲ့ပါတယ်။ ထုတ်ပြန်ချက်မှာ ကိုယ်စိတ်ဆန္ဒပါမှ ဝင်ရမယ် လို့ ပြောထားပေမယ့် တကယ့်လက်တွေ့မှာ စစ်သင်တန်းအပတ်စဉ် တစ်ခုကို တစ်ရွာကို ၅ယောက် ၊ ၁၀ယောက် စသဖြင့် အတင်းအဓမ္မ လူတောင်းခံ ခဲ့ပါတယ်။ စစ်မှုထမ်းရမည်ဟု အမိန့်ပေးလာတဲ့ အထဲမှာ နန်းခမ်းတို့ ရွာလည်း ပါဝင်လာခဲ့ပါတယ်။ စစ်မှုထမ်းမည့်သတင်းကို ကြားရတဲ့ ပအိုဝ်း ပြည်သူတစ်ချို့က ပြည့်သူစစ်ထဲကို စိတ်အားထက်သန်စွာ ဝင်တာရှိပေမယ့် အဲလို စိတ်အားထက်သန်တဲ့သူက အနည်းငယ်သာ ဖြစ်ပါတယ်။ အများစုမှာ ပအိုဝ်း လူထုက စစ်မှုထမ်း ရမည်ကို မလိုလားကြပါ။ နန်းခမ်းတို့ရွာကလည်း စစ်မှုထမ်းလိုသူ တစ်ဦးတစ် ယောက်မှ မရှိခဲ့ပါ။ သို့ပေမယ့် PNOပြည်သူ့ဖက်က တောင်းတာဖြစ်တဲ့အတွက် ရွာသား တွေက မလွန်ဆန်ရဲကြ တော့လဲ ဒီမိုကရေစီစနစ်ဆန်ဆန် မဲနိုက်တဲ့ စနစ်နဲ့ ပြုလုပ်ခဲ့တယ်။ မဲနိုက်ပြီး မဲပေါက်သူက တော့ ရွာကိုယ်စား စစ်သင်တန်း သွားတက်ရမှာဖြစ်ပါတယ်။
“ကျွန်မသားက ကံမ ကောင်းခဲ့ဘူး။ မဲနိုက်တာ သူပေါက်သွားတယ်”လို့ နန်းခမ်းက မျက်နှာြငှိုးငယ်စွာဖြင့် ပြောပြခဲ့ပါတယ်။
မလွဲသာ မရှောင်သာလို့သာ တက်ခဲ့ရပြီး ရွာသူကြီး ကလည်း “ကိုယ်ရပ်ရွာလုံခြုံ ရေးအတွက်သာ ဖြစ်တယ်။ ရှေ့တန်းမတက်ရဘူး စစ်ပွဲမတိုက်ရဘူး”ဆိုပြီး ပြောခဲ့တာ ကြောင့် သူမ၏သား ခွန်ဗွာတက်ဖို့ သူခွင့်ပြု တယ်လို့ ဆိုပါတယ်။
သင်တန်းပြီးဆုံးပြီး နန်းခမ်းရဲ့ သား ခွန်ဗွာ လည်း အိမ်ပြန်လာခဲ့ပါတယ်။ ခွန်ဗွာ အိမ်ပြန် ရောက်တဲ့အချိန်လည်း ပင်လောင်း တိုက်ပွဲက မပြီး သေးဘဲ PNO ပြည်သူ့စစ်သင်တန်း တက်ခဲ့ဖူးတဲ့ သင်တန်းသား တစ်ချို့ ရှေ့တန်းပို့ခံရတယ်လို့လည်း နန်းခမ်းက ကြားမိတယ်။ ထိုသတင်းကြားရတဲ့ နန်းခမ်းကတော့ သူမ၏ သားကို ပြည်သူ့စစ်တွေ ပြန် ခေါ်မှာကို သူကစိုးရိမ်ခဲ့ပြီး ညညဆို အိပ်မရတဲ့ အချိန်ပင် ဖြစ်ခဲ့ပါတယ်။”ကျွန်မ အိပ်မ ပျော်ခဲ့ဘူး။ သားက ကျွန်မ အနား မှာ ရှိနေတာ တောင် ကျွန်မ စိတ်က စိုးရိမ်စိတ် တွေရှိနေခဲ့တယ်”လို့ နန်းခမ်းက ပြောပါတယ်။
PNO ပြည်သူ့စစ်လည်း အမှတ်စဉ်အလိုက် စစ်သင်တန်း ကာလကို တစ်သုတ်ကို ၁၅ရက်နဲ့ သတ်မှတ်ပြီး ဖွင်ခဲ့ပါတယ်။ လတိုင်းလတိုင်း ပင်လောင်း၊ ဟိုပုံး၊ ဆီဆိုင်၊ ရပ်စောက်၊ ညောင်ရွှေစတဲ့ ပအိုဝ်းလူမျိုး အများစု နေထိုင်တဲ့ ကျေးရွာတွေမှာ တစ်သုတ်ကို တစ်ရွာကို အမျိုးသား ၅ ဦးမှ ၁၀ ဦးအထိ တောင်းခံလာခဲ့ပါတယ်။ အချိန်ကြာလာတော့ အမှတ်စဉ်လည်း များလာခဲ့ပြီး PNO ပြဉ်သူ့စစ် သင်တန်းတက်ရောက်သူလည်း သောင်းဂဏန်းအထိ ရှိလာခဲ့ပါတယ်။
“ပအိုဝ်း လူငယ်အများစုတိုင်းမှာ နိုင်ငံရေး ခံယူချက်တွေ၊ရပ်တည်ချက်တွေ ရှိကြပြီးသား အဲတာ ကြောင့် ခုလို အတင်းအဓမ္မလုပ်တာမျိုး မဖြစ်သင့်ဘူး။ ဒါဟာ အတင်းအဓမ္မစစ်သား စု ဆောင်းတယ်လို့ဘဲ မြင်ပါတယ်။လူ့အခွင့်ရေး ချိုးဖောက်တာ လိုဘဲမြင်ပါတယ်”လို့ ပအိုဝ်းအမျိုးသားအရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။
သည်လိုနဲ့ အချိန်ကြာလာသည်နဲ့ အမျှ မိုးရာသီလည်းကုန်၊ ဆောင်းလည်းဝင် ၂၀၂၃ခုနှစ်လည်း ကုန်ဆုံးလာခဲ့ပါတယ်။ ၂၀၂၄ လည်းရောက် ဇန်နဝါရီလ၂၃ရက် နေ့မှာ ပအိုဝ်း ဒေသဖြစ်တဲ့ဆီဆိုင်မှာ တိုက်ပွဲစတင် ဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲကလည်း တစ်စတစ်စ တစ်နေ့ပြီး တစ်နေ့ ပိုပိုပြင်းလာခဲ့တယ်။ တိုက်ပွဲမှာတော့ စစ်ကောင်စီပူးပေါင်းတဲ့ PNO ပြည်သူ့စစ်နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်ရဲ့ တပ်ဖြစ်တဲ့ PNLA မဟာမိတ် တော်လှန်ရေးအဖွဲ့ကြား တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။
တိုက်ပွဲ မှာ PNO ကစစ်ကောင်စီဖက် ကူတိုက်ပေးပြီး PNO တပ်သားတွေအများအပြား ကျဆုံး ခဲ့ပါတယ်။ တပ်သား များ ကျဆုံးတဲ့ PNO ပြည်သူ့စစ်က ယခင်က သင်တန်းတက်ခဲ့ဖူးတဲ့ သင်တန်းသားများကို ပြန်ခေါ်ပါ တော့တယ်။ အရင်က စစ်သင်တန်း တက်ဖူးသူကို လူစုပြီး သေနတ်နဲ့ စစ်ယူနီဖောင်း အင်္ကျီများကိုဆင်ပေးဖို့ ကျေးရွာအုပ်ချုပ်ရေးမှ တစ်ဆင့် ပြောပါတော့တယ်။ အစက ရွာလုံခြုံရေး အတွက် ဆိုပြီးဘဲ ခေါ်ခဲ့တာ အခုဆိုရင် နယ်စပ်ဖြစ်တဲ့ ပင်လောင်းမြို့နယ် တောင်စလုံး မြောက်စလုံး ရွာဖက်၊ ဆောင်းပြောင်းဂိတ်၊ ပင်လောင်းမြို့နယ် အဆုံးဖြစ်တဲ့ ဗန်းမောက်ရွာ၊ ညောင်ရွှေ-ဖယ်ခုံနယ်စပ် ထီရီးရွာ၊ မှော်ဘီဂိတ် စတဲ့ နယ်စပ် နေရာ မှာ တာဝန်ပေးတဲ့အပြင် ယခု တိုက်ပွဲဖြစ်ပြီး ရှေ့တန်းဖြစ်တဲ့ ဆီဆိုင်မြို့ကိုပို့ကြပါ တော့တယ်။
“စစ်ရေးပြည့်ဝတဲ့ စစ်သားဖြစ်ဖို့ဆိုရင်စိတ်ဓာတ်ပိုင်းဆိုင်ရာ၊ လက်နက်နှလုံရည်ကိစ္စရပ်တွေ၊ လက်နက်ကိုင်တဲ့သူတစ်ယောက်အနေနဲ့ လိုက်နာရမယ့် စည်းမျဉ်း၊ စည်းကမ်းမြောက်များစွာရှိပြီး စစ်သင်တန်း၊ လေ့ကျင့်ရေးကို ကာလရှည်ကြာစွာ ပြုလုပ်ကြရတာဖြစ်တယ်။ အဲဒါကြောင့် ကာလတို အတောအတွင်း သင်တန်းတက်ထားတဲ့ လူတစ်ယောက်အနေနဲ့ ဘယ်လိုမှ လက်နက်တပ်ဆင်လို့ မရပါဘူး။ ပြည်သူလူထုက အရပ်သားဖြစ်တယ်။ အရပ်သားပြည်သူလူထုလို့ ပြောရာမှာ လူသတ်တယ် မပြောနဲ့ လူတိုင်းတောင်မှ ကြက်၊ ဝက်ကို သတ်ကြတာ မဟုတ်ဘူး။ သွေးကို မြင်တာနဲ့ ကယောင်ခြောက်ခြား ဖြစ်နေတဲ့ လူတွေ မြောက်များစွာရှိတယ်။ တိုက်ပွဲထဲ စစ်ပွဲထဲ ပြည်သူလူထုတွေကို ပို့ခဲ့မယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာအပေါ်ကို များစွာသက်ရောက်ပြီး ပြည်သူလူထုကို သေတွင်းပို့တာနဲ့ တူပါတယ်”လို့ ပအိုဝ်းအမျိုးသားအရေး တက်ကြွလှုပ်ရှားသူကပြောပါတယ်။
နန်းခမ်းရဲ့ သား ခွန်ဗွာအတွက်လည်း ရွာသူကြီးအိမ်မှာ သေနတ်နဲ့ ပြည်သူ့စစ်ယူနီဖောင်း လာထုတ်ယူဖို့ ရွာသူကြီး ခနခန လာပြောခဲ့ပါတယ်။ ခွန်ဗွာနဲ့ သူ့အမေနန်းခမ်းတော့ သွားမထုတ်ခဲ့ပါဘူး။ သွားမထုတ်ခဲ့ တော့ PNA ပြည်သူ့စစ်ခန့်ထားတဲ့ ရွာသူကြီးနဲ့ ဆယ်အိမ်မှူး တွေ ခနခနလာသတိ ပေးတာ ခံခဲ့ရတယ်။ အရင်က စစ်သင်တန်းတက်ခဲ့ရလို့ ခုအမိန့်နဲ့လာတာ မသွားရင်” လှုမှုရေးပြစ်ဒဏ် ပေးမယ်။ ပအိုဝ်း ဒေသမှာ နေခွင့်မရှိဘူး”စတဲ့ ခြိမ်းခြောက်မှု တွေလည်း ရှိလာခဲ့တယ်လို့ နန်းခမ်း ကပြောပါတယ်။
စစ်မှုထမ်းမှုကို မလိုလားတဲ့ ခွန်ဗွာနဲ့ သူ့အမေအဖို့တော့ ဘယ်လို ခြိမ်းခြောက်မှုဘဲ လာလာ မသွားခဲ့ပါဘူး။ နောက်တော့ အတင်းအဓမ္မ ခေါ်ဆောင်တာ ကြောင့် ခွန်ဗွာလည်း ဘေးကင်းရာ ခြံထဲ တောထဲ သွားအိပ်ခဲ့ရပါတယ်။
“ကျွန်မလည်း သားအခုလို ရှောင်နရတာ ခက်ခက်ခဲခဲနေရတာ မကြည်ရက်ဘူး။ ကျွန်မသား မြန်မာပြည်မှာ နေတာ လုံခြုံမှုမရှိဘူး အဲတာကြောင့် နည်းလမ်း တစ်ခုဘဲရှိတယ်။ အလွယ်တကူ မှောင်ခိုသွားလို့ရတာ ထိုင်းဘဲရှိလို့ ကျွန်မသားကို ထိုင်းကိုပို့ဖို့ စတင် ပြင်ဆင်ပါ တော့တယ် “လို့ နန်းခမ်းက ပြောပါတယ်။
ကျွန်မသားလည်း ထိုင်းကို သွားဖို့လိုလိုလားလားရှိတာ ကြောင့် ထိုင်းသွားဖို့စရိတ် ကျွန်မ ကြိုးစားရှာ ပေးပါတော့တယ်။ ကျွန်မ သားလည်း ခုဆို ထိုင်း ရောက်သွားခဲ့ပါပြီ။ သားထိုင်းကို သွားပြီး နောက် စစ်သင်တန်းတက်ပြီးတာကို ထွက်ပြေးတာမို့ ကျန်ရှိတဲ့ သူ့အိမ်၊ သူ့ယာတွေကို သိမ်းမယ် ဆိုပြီးလည်း ရွာသူကြီးက ခနတိုင်လာ ပြောဆိုခြိမ်းခြောက်တယ်လို့ နန်းခမ်းက ပြောပါတယ်။ ဒါမယ့်နန်းခမ်းက သူမတို့ စားဝတ် နေရေးအဆင်ပြေဖို့ သားဖြစ်သူ ပိုက်ဆံသွားရှာ ဖြစ်တယ်။ ထွက်ပြေးတာ လုံးဝမဟုတ်ပါဆိုပြီးဘဲ နန်းခမ်းက ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။
ခွန်ဗွာလည်း ထိုင်းရောက်တော့ ဆေးသုတ်၊ ပန်ရံ အလုပ်လုပ် ကိုင်ရတယ်လို့ဆိုပါတယ်” ကျွန်တော်ဒီကို ထွက်လာဖို့ ချေးထားတဲ့ပိုက်ဆံ ပြန်ဆပ်နိုင်ဖို့နဲ့ အမေ့ကို များများ ထောက်ပံ့နိုင်ဖို့ကို ကျွန်တော်ဒီမှာ အလုပ်ကြိုးစားနေပါတယ်”လို့ ခွန်ဗွာက ပြောပါတယ်။
မှတ်ချက် (ယခုဆောင်းပါးတွင် ကာယံကံရှင်ရဲ့ လုံခြုံရေးအခြေအနေများကြောင့် အမည်လွဲများဖြင့်သာသုံးထားပါသည်။