ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၂၅၊၂၀၂၄

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ပအိုဝ်းရွာနှင့် တအာင်းရွာ. အရပ်သား ၄၅ ဦးကို SSPP/SSA တပ်က ဖမ်းဆီးထားပြီး တပ်သားသစ်နှင့် လာရောက်လဲစေကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။

ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)တပ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး ၄ ဦးနှင့် ရပ်ရွာတာဝန်ရှိသောဥက္ကဋ္ဌများအပါ အရပ်သား ၄၅ဦးကို အစည်းအဝေးခဏလုပ်မည်ဆိုပြီး ခေါ်ယူထိန်းချုပ်ထားခဲ့ကြောင်းသိရသည်။

“သန်းခေါင်စာရင်းအရ တပ်သားသစ်မပေးနိုင်တော့ မနေ့ည သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးအပါ ကျေးရွာဥက္ကဋ္ဌတွေကိုအစည်းဝေးခဏခေါ်မယ်ဆိုပြီးအဲ့မှာ တစ်ခါထဲထိန်းချုပ်ထားလိုက်တယ်။ စခန်းမှာပဲပေါ့။ တပ်သားသစ်နဲ့ပြန်လဲရမယ်ပေါ့၊ မပေးမချင်းမလွတ်ဘူး အဲ့လိုနဲ့အကြပ်ကိုင်တာ။”ဟု ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

SSPP/SSAရှမ်းတပ်သည် ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၁၆ရက်မှ စပြီး နောင်စံဖူး၊ခေးအုံအွေ့၊ဖာခေါင်၊စုံလော ယင်းကျေးရွာအုပ်စု ၄ခုကို သန်းခေါင်စာရင်းကောက်ပြီး သန်းခေါင်စာရင်းပါ အမျိုးသား ၂ ဦးဆိုလျှင် ၁ ဦးမှာမဖြစ်မနေ သွားရမည်ဆိုပြီးလိုက်လံကောက်ယူရာ လူငယ်အများစုပြည်ပထွက်ပြေးသည့်အတွက် သန်းခေါင်စာရင်းအတိုင်းမပေးနိုင်ခြင်းကြောင့် ယခုလိုအရပ်သားကိုဖမ်းဆီးခဲ့ကြောင်းသူကဆက်ပြောသည်။

မိုင်းကိုင်မြို့၏ တောင်ပေါ်ဒေသကျေးရွာဖြစ်သည့် တအာင်းမျိုးနွယ်စုနှင့် ပအိုဝ်းမျိုးနွယ်စုကိုဦးတည်ပြီး အကြပ်ကိုင်တပ်သားသစ်ခေါ်ဆောင်နေပြီး ရှမ်းတိုင်းရင်းသားများကို ဖမ်းဆီးခြင်း အကြပ်ကိုင်ခြင်းမရှိကြောင်းဒေသခံပြောပြချက်အရသိရသည်။

ထို့အပြင်ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင်လည်း မိုင်းကိုင်မြို့အရှေ့မြောက်ဘက်ရှိကျေးရွာများကိုအစည်းအဝေးဟုဆို၍ ထပ်မံဖမ်းဆီးထားခြင်းရှိနေပြီး ယင်းတို့မှာ လူဦးရေမည်မျှဖမ်းဆီးထားသည်ကိုမသိရှိရသေးကြောင်းဆိုသည်။

SSPP/SSAမှယနေ့ထပ်မံအစည်းဝေးခေါ်သောကျေးရွာတွင် တအာင်းကျေးရွာများအပြင် ပအိုဝ်းတိုင်းရင်းသားကျေးရွာလည်း ၆ ရွာ ၇ ရွာထိပါရှိနေကြောင်းဒေသခံပြောပြချက်အရသိရသည်။

အမည်မဖော်လိုသော တက်ကြွလှုပ်ရှားလူငယ်မိုင်းကိုင်ဒေသခံတစ်ဦးက”အခုလိုမျိုးနွယ်စုအငယ်တွေပေါ်အကြပ်ကိုင်တာကမကောင်းဘူးပေါ့။ ရှမ်းဆိုလည်းရှမ်းတပ်မတော်ထဲဝင် ဒါသမိုင်းပေးတာဝန်ကရှိပြီးသား။ ဘာမှမဆိုင်တဲ့ တအာင်း၊ပအိုဝ်း နောက်အခြားမျိုးနွယ်စုတွေကို ဖမ်းဆီးပြီးလုပ်နေတာက မဖြစ်သင့်ဘူးပေါ့။ အကောင်းဆုံးက သူ့မျိုးနွယ်စုနဲ့သူပဲသွား အဲ့လိုမြင်တယ်။မဟုတ်ရင် တိုင်းရင်းသားချင်းချင်း အငြိုးတွေဖြစ်ပွားမယ်။ ပဋိပက္ခတွေပိုကြီးထွားမယ်ဒါမျိုးဖြစ်လာမှာကိုတော့မကောင်းဘူး။”ဟုသုံးသပ်ပြောဆိုခဲ့သည်။

ယခုလို SSPP/SSAတပ်မှ အရပ်သားကိုဖမ်းဆီးပြီး တပ်သားသစ်နှင့် ပြန်ရွေး၊ ပြန်လဲခိုင်းခြင်းနှင့်ပတ်သက်ပြီး SSPP/SSAမှ တာဝန်ရှိသူ ဗိုလ်မှူးကြီးစိုင်းစု၊ဗိုလ်မှူးကြီး စိုင်းဟန်ခမ်းနှင့် ဗိုလ်မှူးစိုင်းဖုန်းဟန်တို့ကို ခမ်းသားငေါဝ်းအနေဖြင့်ဖုန်းဆက်သွယ်မေးပြန်သော်လည်း ဆက်သွယ်မရရှိခဲ့ပါ။

#PPV004

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက်လက်ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယို တွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့ telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *