ခမ်းသားငေါဝ်း
ဖေဖော်ဝွရီ ၂၆၊ ၂၀၂၄

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့ရှိ လဝက (လူဝင်မှုကြီးကြပ်ရေး)ရုံးတွင် မှတ်ပုံတင်၊ အိမ်ထောင်စုဇယား လာလုပ်သည့် ပြည်သူများထံ ငွေကြေးမတရားတောင်းခံနေကြောင်း ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် သိရသည်။

ယခင်က မှတ်ပုံတင်ပြုလုပ်လိုလျှင် ၁ သောင်းခွဲကျပ်ပေးနေရပြီး ယခုလက်ရှိတွင် ၅ သောင်းနှင့် ၁ သိန်းအထက် လဝကရုံးကို ပေးနေရကြောင်း ဒေသခံကခမ်းသားငေါဝ်းသို့ပြောသည်။

“သူတို့ကပိုက်ဆံတောင်းတာတင်မဟုတ်ဘူး ဆက်ဆံရေးလည်းတအားဆိုးတယ်၊အာဏာသိမ်းပြီး ကုန်ပစ္စည်းတွေစျေးကြီးနေတယ်ဆိုမှ သူတို့ကလည်းတစ်မျိုး နိုင်လို့ရတဲ့ရွာသူရွာသားတွေဆို အရမ်းနိုင်တယ်”ဟု အမည်မဖော်လိုသည့်ဒေသခံ တစ်ဦးက ခမ်းသားငေါဝ်း ကိုပြောသည်။

ထိုအပြင် ငွေများများ ပေးနိုင်သောသူများကို အရင်ပြုလုပ်ပေးပြီး ငွေအနည်းငယ်သာပေးနိုင်သောသူများကို အချိန်ဆွဲလျက်ရှိကြောင်း သိရသည်။

“သူတို့တောင်းတဲ့အတိုင်း မပေးရင်တစ်လနှစ်လကြာတယ် ပြီးရင် ရွာဖက်ကဆိုလည်း ကိုယ့်ရွာမှာ လက်ဖက်ခြောက်ရှိသလား ကြက်သွန်ဖြူရှိသလား အဲလိုယူလာဖို့လည်း ပြောတယ်။”ဟု ၄င်းက ဆက်ပြောပါသည်။

ပင်လောင်းမြို့နယ်တွင်စစ်ကောင်စီ အာဏာသိမ်းပြီးနောက် မှတ်ပုံတင်ပြုလုပ်ခြင်း၊ အိမ်ထောင်စုဇယားပြုလုပ်ခြင်းများ ယခင်ထက် ပိုခက်ခဲလာကြောင်း သိရသည်။

အာဏာမသိမ်းခင်က ပင်လောင်းတွင် အိမ်ထောင်ဇယားထဲလူမျိုးအမည် ခွန်၊ နန်းဖြစ်နေနေသော်လည်း မှတ်ပုံတင်တွင် မောင်၊ မ ဖြစ်နေခြင်းအား ခွန်၊ နန်းပြောင်းပေးရန် နေပြည်တော်သို့သွားရပြီး ပြောင်းသော်လည်းမရကြောင်းသိရသည်။

အိမ်ထောင်စုဇယားရှိ ခွန်၊ နန်းအားဖျက်ပြီး မောင်၊ မ သို့သာပြောင်းပေးခြင်းကြောင့် ဘွဲ့လက်မှတ်တွင် ခွန်၊ နန်းပါသည့်ပအိုဝ်းတိုင်းရင်းသားများ နိုင်ငံခြားသို့ကျောင်းသွားတက်သည့် အခွင့်အရေးများ ဆုံးရုံးမှုရှိခဲ့ကြောင်း သိရသည်။

#PPV008
#ပင်လောင်း
#လဝကမှတ်ပုံတင်
#အိမ်ထောင်စုဇယား
#ငွေကြေးမတရားတောင်းခံ

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက်လက်ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယို တွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့ telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *