ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၂၅၊ ၂၀၂၄
တောင်ကြီးမြို့ မှ ဖယ်ခုံသို့ ဓာတ်ဆီဝယ်ပြန်သည့် ပြည်သူ ၄ ဦးကို PNO ပြည်သူ့စစ်ကဖမ်းဆီး ရိုက်နှက်စစ်ဆေးပြီးနောက် ကျောက်တလုံးမြို့ အမိုက်ကြွင်းအနီးတောထဲသို့ခေါ်သွားခဲ့ပြီး ကြယ်တွင်း (ပအိုဝ်းအခေါ် ဆုံ )Sink hole ထဲတွန်းချလိုက်ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် တောင်ကြီးမှအပြန် ဆိုက်ခေါင်အနောက်တောင်ဘက် နမ်းစဲစ် ရွာအနီးတွင် PNO ပြည်သူ့စစ်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးခံရပြီးကြယ်တွင်းသို့တွန်းချခံခဲ့ရသည့်သူထဲမှ တစ်ဦးသည် ဒါဏ်ရာပြင်းထန်စွာရရှိ၍ အောက်ပိုင်းမလှုပ်နိုင်တော့ဘဲတွင်းထဲကျန်နေခဲ့ပြီး ကျန်သုံးဦးသည် တွင်းနက်ထဲမှ ကြိုးစားရုန်းထွက်လွှတ်မြှောက်နိုင်ခဲ့ကြောင်းကာယကံရှင်ထံသိရသည်။
“တွင်းကအရမ်းနက်တယ် ကျွန်တော်တို့ထွက်လာနိုင်တုန်း တစ်ယောက်ကမထွက်လာနိုင်ဘူး ကျွန်တော် တို့လည်းဒဏ်ရာရခဲ့တယ်” ဟု လွတ်မြောက်လာသူတစ်ဦးကပြောသည်။
လွတ်မြောက်လာသူများသည် သေဘေးမှလွတ်လာသော်လည်း အရမ်းကြောက်လန့်နေခဲ့ကြောင်းသိရသည်။
ပရဟိတလှုပ်ရှားသူတစ်ဦးက”ကျွန်တော်တို့အမှိုက်ကြွင်းနား သွားရှာကြည့်တော့ ချောက်ကအရမ်းနက်တယ်၊ တွင်းတစ်ခုတွေ့ခဲ့တယ် အပုတ်နံ့တအားနံနေလို့မဝင်ခဲ့ဘူး၊ လူလည်းမတွေ့ခဲ့ဘူး သေလားရှင်လားမသိဘူး သေဖို့များပါတယ်”ဟုပြောသည်။
တွန်းချခံရသောသူများသည် ဖယ်ခုံဒေသခံ စစ်ဘေးရှောင်များ ဖြစ်ကြပြီး သူတို့စီးလာသည့်ကားကိုလည်း PNO ပြည်သူ့စစ်ကသိမ်းဆည်းသွားခဲ့ကြောင်း သိရသည်။
ကြယ်တွင်း(ပအိုဝ်းအခေါ် ဆုံ) Sink hole သည် ဂျပန်ခေတ်ကာလတွင် သူခိုး၊ ဓားပြ ကိုဖမ်းမိပါက သတ်ဖြတ်အလောင်းဖျောက်ရန်အသုံးပြုသည့် သဘာဝ တွင်းနက်ဖြစ်သည်။
ထိုကိစ္စနှင့်ပက်သက်ပြီး PNO ပြည်သူ့စစ် တာဝန်ရှိသူ ဗိုလ်မှူးခွန်ထွန်းရွှေကို ခမ်းသားငေါဝ်းက ဖုန်းဆက်မေးမြန်းရာ ယခုကိစ္စကို သူမသိရှိရကြောင်း ခမ်းသားငေါဝ်းကို ပြောသည်။
“ကျွန်တော်က ပင်လောင်းဘက်ရောက်နေတော့ ပင်လောင်းက ကိစ္စဆိုရင်ပြောပေးနိုင်မယ် ခုကတခြားနယ်ဆိုတော့ မသိရဘူး”ဟု၎င်းကပြောသည်။
ကြယ်တွင်းထဲတွန်းချခံရပြီး ထွက်ပြေးလွတ်မြောက်သူပြောပြချက်အရ ထိုတွင်းထဲတွင် ရှိနှင့်ပြီးသားအလောင်းများစွာရှိနေကြောင်းသိရသည်။
ဆီဆိုင်မြို့တိုက်ပွဲဖြစ်ပွားပြီးနောက် လူငယ်များ ဒေသခံများပျောက်ဆုံးသူ များပြားလာနေကြောင်း သိရသည်။
#PPV005