ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၂၅၊၂၀၂၄

PNOပြည်သူ့စစ်သင်တန်း တက်ပြီးသော လူငယ်အချို့ကို မိမိကျေးရွာအတွင်းမဟုတ်ဘဲ အခြားနေရာ အခြားကျေးရွာသို့ ကင်းစောင့်ခြင်းသွားရန်စေခိုင်းခံနေရကြောင်း ပြည်သူ့စစ်သင်တန်းတက်ခဲ့သည့် လူငယ်တစ်ဦးထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်ရှိ ပအိုဝ်းကျေးရွာတို့တွင် အသက် ၁၈ နှစ်အထက် ၃၅ နှစ်အောက်လူငယ်လူရွယ်များကို PNOပြည်သူ့စစ်က စစ်သင်တန်းများတက်ခိုင်းပြီး ယင်းလူငယ်များအချို့ကို အခြားနေရာသို့ လုံခြုံရေးဟုဆိုကာ ကင်းစောင့်ရန် သွားခိုင်းနေကြောင်းဆိုသည်။

“အရင်ပထမသုတ်က လူတွေကို အလှည့်ကျနဲ့ အခြားနေရာတွေ သွားစောင့်ခိုင်းတယ်။ တစ်ဖွဲ့ကို ၃ ရက်လား ၄ ရက်လားအဲ့လိုပေါ့။ ပြီးရင်နောက်တစ်ဖွဲ့အဲ့လိုသွားရတယ်။ သူတို့ပြည်သူ့စစ်ယူနီဖောင်းနဲ့လည်းဝတ်ခိုင်းတယ်။ သေနတ်လည်းပေးတယ်။”ဟုအမည်မဖော်လိုသည့် PNOပြည်သူ့စစ်သင်တန်းတက်နေရသောလူငယ်တစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

အသက်အန္တရာယ်ထိပါးမည်ကိုစိုးရိမ်ရသည့်အတွက်လူငယ်အများစုက မသွားချင်ကြသော်လည်း ဖိအားပေးမှုကြောင့် မလွဲမရှောင်သာ သွားနေရကြောင်း၎င်းကဆက်ပြောသည်။

PNOပြည်သူ့စစ်မှုထမ်းရန် ကျေးရွာရှိလူငယ်များကိုပြီးခဲ့သည့် ဖေဖော်ဝါရီလအစပိုင်း၌ ပအိုဝ်းအမျိုးသားတပ်မတော် PNAကတရားဝင် စာထုတ်ပြန်ခဲ့သလို ကျေးရွာတွင်းတွင်လည်း အုပ်စုအလိုက် လိုက်လံစည်းရုံးဟောပြောခဲ့သည်။

ပြည်သူ့စစ်မှုထမ်းစေခြင်းသည် ရှေ့တန်းမတက်ရသလို စစ်ကောင်စီခေါ်သော စစ်လည်းသွားစရာမလိုကြောင်းပြောဆိုပြီး မိမိကျေးရွာလုံခြုံရေး မိမိလုံခြုံရေးအတွက်သာဖြစ်သည်ဟုပြောဆိုစည်းရုံးခဲ့သော်လည်း မိမိရပ်ရွာအတွက်မဟုတ်ခဲ့ကြောင်းဆုသည်။

“အစက ကိုယ့်ရွာကိုစောင့်ဖို့ပဲလို့ပြောတယ်။ အခုကရွာပြင်ထွက်စောင့်ခိုင်းတာရှိလာတော့ စိုးရိမ်ရတာပေါ့။ ခုက ဟိုပုံးဘက်ဆိုအခြေနေက တဖြေးဖြေးဆိုးလာတယ်လေ။ တိုက်ပွဲနီးတဲ့နေရာတွေမှာ သွားခိုင်းမှာကိုလည်းကြောက်နေရတယ်။ လူငယ်တွေကထွက်ပေါက်မရှိတော့သလိုမျိုးပေါ့။”ဟု၎င်းကဆက်ပြောသည်။

လက်ရှိတွင် ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ၊ ထမ်းဆန်းဂူဒေသဘက်နှင့် မိုင်းပွန်မြို့အနီးတို့တွင် စစ်ကောင်စီ၊ လက်အောက်ခံပြည်သူ့စစ်ပူးပေါင်းတပ် နှင့် PNLA၊မဟာမိတ်ပူးပေါင်းတပ်တို့အကြား စစ်ရေးတင်းမာပြီး တိုက်ပွဲဖြစ်ပွားနေသည်။

စစ်ကောင်စီတပ်ဘက်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီး ပစ်ခတ်ခြင်းဆက်လက်လုပ်ဆောင်နေသည်။

#PPV004

Leave a Reply

Your email address will not be published. Required fields are marked *