ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၂၄၊ ၂၀၂၄
ရှမ်းပြည်နယ်တောင်ပိုင်း တိုက်ပွဲအတွင်း အရပ်သားသေဆုံးသူ ၃၃ ဦးရှိပြီး၊ နေအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူ ၉ သောင်းကျော်ထိ ရှိလာကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYO ထုတ်ပြန်ချက်အရသိရသည်။
ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်၊ ဟိုပုံး၊ လွိုင်လင်ဒေသတွင် သေဆုံးသူ ၃၃ ဦးထဲက အမျိုးသား၂၈ ဦး၊အမျိုးသမီး ၄ ဦးနှင့် ကျားမ အတည်မပြုနိုင်သေးသူ ၁ ဦးရှိပြီး ၅၁ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဆိုထားသည်။
“ကျမတို့ ပအိုဝ်းလူငယ်အစည်းအရုံး အချက် အလက်အရ ပြောရမယ်ဆိုရင် စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်မှုတွေ၊ ဗုံးကြဲပစ်ခတ်မှုတွေ ဦးတည်ရာမရှိဘဲ ရုတ်တရက် ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် အထူးသဖြင့် ဒေသခံသေဆုံးရမှု မြင့်နေတာ တွေ့ရတယ်”ဟု ပအိုဝ်းလူငယ်အစည်းအရုံး တာဝန်ရှိသူတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
တိုက်ပွဲအတွင်းတွင် စစ်ကောင်စီလေကြောင်း တိုက်ခိုက်မှု ၂၆၇ ကြိမ်ရှိခဲ့ပြီး လက်နက်ကြီးပစ်ခတ်မှု ၆၂၈ ကြိမ်ရှိခဲ့ပြီးဘာသာရေးအဆောက်အဦး ၁၂ ခု၊အရပ်သားနေအိမ် ၈၃ လုံးနှင့်အထက် လည်း ထိခိုက်ပျက်စီးခဲ့ရကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။
ထိုအပြင် တစ်လအတွင်း နေအိမ်စွန့်ခွာတိုက်ပွဲရှောင်ရသူ ဦးရေ ၉၁၅၁၅ ဦး ရှိလာခဲ့ပြီး ထိုသူများသည် တိုက်ပွဲဖြစ်ပွားချိန် ကိုယ်လွှတ်ရုန်း ထွက်ပြေးခဲ့ရခြင်းကြောင့်အဘက်ဘက်မှ လိုအပ်ချက်ရှိနေကြောင်း သိရသည်။
“ပြင်ဆင်မှု သိပ်မလုပ်နိုင်ဘဲ ရုတ်တရက် ထွက်ပြေးတိမ်းရှောင်လာကြရတဲ့အတွက် လိုအပ်ချက်ကတော့ အများကြီး ရှိနေပါတယ် အကူညီကတော့ ပြည်သူကနေ ပြည်သူ လုပ်ကြတာများတယ် လူမှုအဖွဲ့အစည်းက အဓိက ကူညီလုပ်ဆောင်နေတာ တွေ့ရတယ် ကြီးမားတဲ့ အကူညီလုပ်ဆောင်နေတာတွေနဲ့ အခုထိ မတွေ့ရသေးဘူး စစ်ရှောင်ပြည်သူတွေ အဓိကလိုအပ်ရင်ဆိုင်နေကြရတာက စားနပ်ရိက္ခာ၊ အမိုးအကာ၊ အနွေးထည်တွေ၊နေထိုင်စရာလေးတွေစရှိသဖြင့် များစွာ လိုအပ်နေပါတယ်”ဟု ၄င်းကဆက်ပြောသည်။
ယခုဖော်ပြပါအချက်အလက်ကိန်းဂဏန်းသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၁ ရက်နေ့မှ ဖေဖော်ဝါရီ ၂၂ ရက်နေ့ အထိသာဖြစ်ပြီး မြေပြင်တွင် ယခုထက်ပိုများနိုင်ကြောင်းလည်း PYO ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
#PPV005
“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက်လက်ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယို တွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့ telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။