ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၂၄၊ ၂၀၂၄

ဟိုပုံးမြို့တွင် ရှမ်းတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဟုဆိုပြီး မသမာသူက လုပ်ငန်းရှင်များထံ ငွေတောင်းခံမှုပြုလုပ် နေကြောင်း ဒေသခံများထံ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့တွင် ဖေဖော်ဝါရီ (၂၂)ရက်နေ့မှစပြီး လူတစ်စုက ရှမ်းတိုင်းရင်းလက်နက်ကိုင်တပ်ဖွဲ့ ဟုဆိုပြီး လုပ်ငန်းရှင်များထံ ဖုန်းဆက်ပြီးရှမ်းဘာသာစကားနှင့်မေးမြန်းပြီး ငွေများခြိမ်းခြောက်တောင်းခံနေကြောင်း သိရသည်။

“အစက ကားဘီးပေါက်သွားလို့ အကူအညီလိုနေတယ်ဆိုပြီးပြောလာတာ၊ ကားပေါ်မှာလက်နက်တွေပါလို့ မြို့ထဲကိုဝင်လို့အဆင်မပြေဘူး၊ ဘယ်လိုလုပ်ပေးမလဲတဲ့ အဲ့လိုမေးပြီးတော့ Kpayနံပါတ်ပေးလာတယ်၊ ငွေမလွဲပေးရင်လာယူမယ်ဆိုပြီးပြောတယ်၊ သူတို့ကရှမ်းအဖွဲ့က လို့တော့ပြောတယ်၊ အဖွဲ့နာမည်တော့မပြောဘူး” ဟုငွေတောင်းခံရသူတစ်ဦးကပြောသည်။

ငွေမပေးရင်လာယူမယ်ဟုပြောသည့်အတွက် လုပ်ငန်းရှင်အချို့သည် တကယ်လာယူမည်ကိုစိုးရိမ်သောကြောင့် ဆိုင်ခန်းများခေတ္တပိတ်လိုက်ကြသူများလည်းရှိကြောင်း ငွေတောင်းသူများသည် Google Mapရှိ ဆိုင်ခန်းလိပ်စာများမှတဆင့်လည်း ဆက်သွယ်ခြင်းလာခြင်း များပြုလုပ်နေကြောင်းသိရသည်။

“ခြိမ်းခြောက်ပြီးငွေလာတောင်းတဲ့ပုံစံတော့ပေါက်တာပေါ့၊ ကြောက်လန့်အောင်လက်နက်ပါတယ် လာယူရမလားအဲ့လိုပုံစံပေါ့၊ ရှမ်းစကားတတ်လား နဲနဲတတ်တယ်ပြောတော့ သူလည်းရှမ်းလိုပဲပြောတယ်၊ အဲ့လိုလုပ်ရပ်မျိုးကို လက်နက်ကိုင်အဖွဲ့အစည်းတွေ တကယ်လုပ်မလုပ်လည်း ရှင်းရှင်းလင်းလင်းသိချင်တယ်” ဟု၎င်းကဆက်ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ရှမ်းတိုင်းရင်းသားလက်နက်ကိုင်များဖြစ်သည့် RCSSနှင့် SSPPတို့ကို ခမ်းသားငေါဝ်းကဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်လို့မရခဲ့ပေ။

လက်ရှိဟိုပုံးမြို့အရှေ့ဘက် မိုင်းပွန်အနီးတွင် စစ်ကောင်စီတပ်နှင့် PNLA မဟာမိတ်တပ်တို့တိုက်ပွဲပြင်းထန်နေပြီး မသမာသူများက နယ်မြေမငြိမ်းချမ်းသည်ကိုအခွင့်ကောင်းယူကာ လုပ်ငန်းရှင်များထံ ခြိမ်းခြောက်ငွေတောင်း ခြင်းဖြစ်သည်ဟု ဒေသခံများကပြောဆိုကြသည်။

#PPV007

“မြေပြင်သတင်းများကို ခမ်းသားငေါဝ်းကဆက်လက်ရေးသားဖော်ထုတ်လျက်ရှိပါတယ်။ပြည်သူလူထုတွေအနေနဲ့ မြေပြင်သတင်းတွေ ဓာတ်ပုံ ၊ ဗီဒီယို တွေ ပေးပို့လိုပါက ခမ်းသားငေါဝ်း page မှာလည်းကောင်း၊ ခမ်းသားငေါဝ်း signal နဲ့ telegram နံပတ်ဖြစ်တဲ့ +959774725839 ကိုလည်းကောင်း လွတ်လပ်လုံခြုံစွာ သတင်းပေးပို့နိုင်ပါတယ်ခင်ဗျား။

Leave a Reply

Your email address will not be published. Required fields are marked *