ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၂၂၊၂၀၂၄

လွိုင်ကော်မြို့ပေါ် ရှိ ရပ်ကွက်အတွင်းကို စစ်ကောင်စီက မီးလောင်ဗုံးများဖြင့် ကြဲချတိုက်ခိုက်ရာ ရပ်ကွက်အတွင်း လူနေအိမ်မီးလောင်ပျက်စီးခဲ့ရကြောင်းKNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

ကရင်နီပြည် လွိုင်ကော်မြို့ကို ဖေဖော်ဝါရီ ၂၁ ရက်နေ့ နံနက်၌တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီတပ်က ဒရုန်းဖြင့် မီးလောင်ဗုံးများ၊ အဝေးပစ် မီးလောင်ဗုံးများ လိုက်လံကြဲချခဲ့ပြီး ရွှေတောင်၊ မင်္ဂလာ၊ ပိုးဇာခြံ စသည့်ရပ်ကွက် ၅ ခုအတွင်းရှိလူနေအိမ်မီးလောင်ကျွမ်းခဲ့ကြောင်းဆိုသည်။

“ဟုတ်တယ်။ စစ်ကောင်စီမီးလောင်ဗုံးကြဲတာတွေ၊ ရပ်ကွက်ထဲမီးဝင်ရှို့တာတွေလည်းလုပ်လေ့ရှိတယ်။ မနေ့ကတော့တိုက်ပွဲမဖြစ်ဘူး။ စစ်ကောင်စီရဲ့မီးလောင်ဗုံးနဲ့ ရပ်ကွက်မှာ နေအိမ် သုံးလေးလုံးတော့ မီးလောင်သွားတာပါတယ်။ မနေ့က လူထိခိုက်တာမရှိဘူးလို့ ပြောလို့ရတယ်။”ဟုKNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

စစ်ကောင်စီတပ်သည် အဓိကအနိုင်ရရှိရန်နှင့် စစ်အာဏာတည်မြဲရန်အတွက် ပြည်သူ၏ အသက်အိုးအိမ်စည်းစိမ်ကို လုံးဝဂရုမစိုက်အလေးမထားသလို ပြည်သူထိခိုက်သေကြေရမည်ကို ထည့်တွက် ငှဲ့ညာခြင်းမရှိဘဲ စစ်ရာဇဝတ်မှုနေ့စဥ်ကျူးလွန်နေကြောင်း ၎င်းကသုံးသပ်ပြောဆိုသည်။

လွိုင်ကော်မြို့အတွင်း စစ်ကောင်စီတပ်နှင့်တော်လှန်ရေးအင်အားစုတို့အကြား ထိတွေ့တိုက်ပွဲများနေ့စဥ်နီးပါးဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီဘက်၌ လက်နက်ကြီးပစ်ခတ်ခြင်း၊ဒရုန်း၊လေယာဥ်တို့ဖြင့် လေကြောင်းများဗုံးကြဲတိုက်ခိုက်ခြင်းတို့သည် နေစဥ်ပြုလုပ်နေသည့်အတွက် ပြည်သူများ နေထိုင်သွားလာရန် မသင့်သောအခြေအနေရှိနေကြောင်း ယင်းထုတ်ပြန်ချက်မှာဖော်ပြထားသည်။

ထို့အပြင် အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်သေးသည့်အတွက်ပြည်သူများမှာ နေအိမ်ပြန်ခြင်း၊ပစ္စည်းပြန်သယ်ယူခြင်းတို့ကိုမပြုလုပ်ကြရန်လည်းKNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက တိုက်တွန်းပြောဆိုထားသည်။

#PPV004

Leave a Reply

Your email address will not be published. Required fields are marked *