ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၂၂၊ ၂၀၂၄

နမ့်ဖတ်ကာ စစ်ကောင်စီ ခလရ (၁၂၃)တပ်စခန်းသိမ်းတိုက်ပွဲအတွင်း အဆောက်အဦးပေါင်း(၃၀၀) ကျော် ထိခိုက်ပျက်စီးခဲ့သည်ဟု တအာင်းအမျိုးသမီး အဖွဲ့(TWO)က ဖေဖော်ဝါရီ(၂၂)ရက်နေ့ထုတ်ပြန်ချက်အရ သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာတွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ(၂၉)ရက်နေ့က စစ်ကောင်စီတပ်နှင့် ကချင်တပ်မတော်(KIA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နမ့်ဖတ်ကာအခြေစိုက် ခလရ(၁၂၃) တပ်စခန်းသိမ်းတိုက်ပွဲကြောင့် အဆောက်အဦးပေါင်း(၃၀၀)ကျော်ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့်ရမ်းသမ်းပစ်ခတ်ခြင်း၊ လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ‌ဒေသခံနေအိမ်များ စာသင်ကျောင်းနှင့် သာသနာ့အဆောက်အဦးများ မီးလောင်ပျက်စီးသွားခဲ့ရကြောင်း ဆိုထားသည်။

နမ့်ဖတ်ကာကျေးရွာအပြင် အေဲမ်းခုမ်ရွာ၊ မန်မောဝ်ရွာနှင့် စိတဘန်ရွာတို့တွင်လည်း အများအပြားထိခိုက်ပျက်စီး ခဲ့ရပြီး ထိုသို့ထိခိုက်ပျက်စီးရခြင်းသည် နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့များ၏ မီးရှို့ဖျက်စီးခဲ့ခြင်းများလည်း ပါဝင်ကြောင်းဆိုထားသည်။

နမ့်ဖတ်ကာကျေးရွာအတွင်းရှိ သန္နိသုခဘုန်းကြီး ကျောင်း၊ ရန်အောင်မြင်ဘုန်းကြီးကျောင်း၊ ပန်တရော(ပ့်)ဘုန်းကြီးကျောင်းနှင့် အေဲမ်းခုမ်းဘုန်းကြီး ကျောင်းတို့သည် စစ်ကောင်စီ၏လေယာဥ်ဗုံးနှင့် လက်နက်ကြီးထိမှန်မှုဖြင့် မီးလောင်ပျက်စီးခဲ့ရကြောင်း သိရသည်။

ထိခိုက်ပျက်စီးမှုများသည် နမ့်ဖတ်ကာရပ်ကွက်(၅) တွင် နေအိမ်(၁၂၈)အိမ်၊ ရပ်ကွက်(၁)တွင် နေအိမ် (၅၀)အိမ်၊ ရပ်ကွက်(၂)မှ ၄၀အိမ်၊ ရပ်ကွက်(၃) နှင့်(၄)မှ ၃၀အိမ်၊ လောကုန်းရွာ(၃၀)အိမ်၊ လွယ်ကန်ရွာ(၅)အိမ်၊ အေဲမ်းခုမ်းရွာ(၁၂)အိမ်၊ မန်မောဝ်ရွာ(၃၅)အိမ်နှင့် စိတဘန်ရွာ(၃၆)အိမ်ဖြစ်ပြီး စုစုပေါင်းနေအိမ်ပျက်စီးမှု (၃၆၆)အိမ်ပျက်စီးခဲ့ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်းက ထုတ်ပြန်ထားသည်။

#PPV007

Leave a Reply

Your email address will not be published. Required fields are marked *