ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၂၂၊ ၂၀၂၄

ဆီဆိုင်-လွိုင်ကော်လမ်းမကြီးအရှေ့ဘက်ကျေးရွာကို PNLA က ပိုက်ဆံကောက်နေသည် ဟူသောသတင်းသည် မဟုတ်မမှန်ကြောင်းပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA တာဝန်ရှိသူတစ်ဦးက ​ငြင်းဆိုပြောကြားလိုက် သည်။

အွန်လိုင်းပေါ်၌ ပျံ့နှံ့နေသောသတင်းသည် PNOအကောင့်တုသမားများနှင့် ပြည်သူကိုသတင်းအမှားပေးနေသည့် လော်ဘီသတင်းများသာဖြစ်ကြောင်းပြောဆိုသည်။

“ပြည်သူလူထုကို ၇ သိန်း၊ ၅ သိန်း၊ တစ်အိမ်ဘယ်လောက် သေနတ်ဖိုးတစ်အိမ်ဘယ်နှစ်သိန်းကောက်တယ်တွေက ကျွန်တော်တို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ PNLAက လုံးဝမလုပ်ဘူး။ အဲ့လိုလုပ်စားတာကောက်စားတာက အရင်တုန်းကပြည်သူလူထုတွေသိတဲ့အတိုင်းပါပဲ စစ်အာဏာရှင်စနစ်တွေ၊လက်ပါးစေပြည်သူ့စစ်တွေလုပ်နေတာပါ။”ဟုPNLAပြောဆိုခွင့်ရှိသူတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ယခုလို PNLAမှ ပိုက်ဆံကောက်သည်ဟုပြောဆိုသည်မှာ ပြည်သူကို သတင်းအမှား သတင်းတုများ ဖြန့်ဝေသည့် လော်ဘီများ၏ သတင်းသာဖြစ် ကြောင်းနှင့် ပြည်သူများ သတင်းမှန်ပေးနေသော မီဒီယာများနှင့် PNLA၏ တရားဝင်သတင်းpageများ၊ထုတ်ပြန်ချက်များကိုသာကြည့်ရှု့ယုံကြည်ကြပါရန်လည်း၎င်းကဆက်ပြောသည်။

ဒေသခံတစ်ဦးက “ကျွန်တော်တို့ရွာတော့မကြားမိဘူး။ ကျွန်တော်တို့လည်း လမ်းအရှေ့ဘက်ပဲလေ။ ဒါမဲ့အခြားရွာတော့မသိဘူးပေါ့။ ဆီဆိုင်မရှုတ်ခင်တုန်းက သူတို့အနီ (PNLA)ရှေ့တန်းသမားတွက်ဆန်ကောက်တာတွေရှိခဲ့တယ်။ နောက်ဘီးခွန်တွေပေါ့။ ခုတော့ပိုက်ဆံကောက် လူကောက်တာမကြားမိဘူး။ “ဟု ပြောသည်။

အွန်လိုင်းပေါ်သတင်းမှားများပျံ့နှံ့နေခြင်းသည် ပအိုဝ်းအချင်းချင်းပဋိပက္ခပိုကြီးထွားစေကြောင်း၎င်းဒေသခံကသုံးသပ်ပြောခဲ့သည်။

ယခုရက်ပိုင်းသည် ဆီဆိုင်မြို့နှင့် မြို့နယ်အတွင်းစစ်ရေးများ၊ တိုက်ပွဲများဖြစ်ပွားနေသည့်အပြင် ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသတွင်လည်း စစ်ကောင်စီက လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်လျက်ရှိပြီးဒေသခံများထွက်ပြေးနေရသည်။

ပြည်သူများအနေဖြင့် စစ်ရေးသတိ စစ်ရေးအသိကြီးကြီးထားပြီး အွန်လိုင်းပေါ် ၌ သတင်းတုသတင်းမှားနှင့် သတင်းမှန်တို့ကို ခွဲခြားသိတတ်သင့်ကြောင်း PNLAက အသိပေးထားသည်။

#PPV004

Leave a Reply

Your email address will not be published. Required fields are marked *