ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၂၁၊ ၂၀၂၄

ဟိုပုံးမှပြန်လာသည့်ပုံးအယ်ရွာသားနှစ်ဦး ထမ်းဆန်းဂူအနီးတွင် စစ်ကောင်စီပစ်ခတ်၍ ဒဏ်ရာရရှိ ခဲ့ကြောင်း ဖေဖော်ဝါရီလ(၂၁)ရက်နေ့က ဒေသခံတစ်ဦးပြောဆိုချက်အရသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်ရှိ ပုံးအယ်ရွာသားနှစ်ယောက်သည် ယနေ့မွန်းလွဲပိုင်းအချိန် ဟိုပုံးအပြန်လမ်း ထမ်းဆန်းဂူအနီးတွင် ကားရပ်ခိုင်းသည်ကိုကြောက်ပြီး မရပ်ဘဲ ဆက်မောင်း၍ စစ်ကောင်စီတပ်ကပစ်ခတ်ခဲ့ကြောင်းသိရသည်။

“နေ့လယ်(၁၂)နာရီကျော်(၁)နာရီဝန်းကျင်လောက်ဖြစ်မယ် သူတို့နှစ်ယောက်၊ ဟိုပုံးကအပြန် ထမ်းဆန်းဂူနားရောက်တော့ ကားရပ်ခိုင်းတာကိုမရပ်လို့ စစ်ကောင်စီက သေနတ်နဲ့ပစ်လိုက်တာ၊ တစ်ယောက်ကလက်မောင်းထိတယ် တစ်ယောက်ကခေါင်းထိလို့ တောင်ကြီးဆေးရုံကိုတင်လိုက်ရပြီ” ဟုဒေသခံအမျိုးသားတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

လက်မောင်းထိထားသည့်တစ်ယောက်သည် အခြေအနေကောင်းသော်လည်း ခေါင်းထိထားသည့် တစ်ယောက်ဒဏ်ရာ စိုးရိမ်ရကြောင်း သိရသည်။

ထမ်းဆန်းဂူအရှေ့ဘက်နှင့် မိုင်းပွန်မြို့အနီးတစ်ဝိုက်တွင် PNLA နှင့် စစ်ကောင်စီ၊ လက်အောက်ခံပြည်သူ့စစ်တို့အကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး၊ တိုက်ပွဲအသေးစိတ် ကိုခမ်းသားငေါဝ်းက ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

“ခုထိတော့ပုံးအယ်ရွာကအိမ်တွေကို လက်နက်ကြီးထိတာမရှိသေးဘူး၊ ကောင်းမူဗွာဘက်တော့ မသိဘူး” ဟု၎င်းကဆက်ပြောသည်။

ယနေ့နံနက်(၁၁)နာရီဝန်းကျင်တွင်လည်း လွိုင်လင်မြို့နယ် နားယမ်းကျေးရွာအုပ်စု နမ်းဘော်ခမ်းကျေးရွာသို့ စစ်ကောင်စီတပ်က လေယာဥ်ဖြင့်ဗုံး(၂)လုံးကြဲချတိုက်ခိုက်ခဲ့သောကြောင့် ဒေသခံများနီးစပ်ရာဒေသနှင့် တောတောင်ထဲကို ရွာလုံးကျွတ်နီးပါးထွက်ပြေးနေရကြောင်း သိရသည်။

#PPV007

Leave a Reply

Your email address will not be published. Required fields are marked *