ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၂၁ ၊၂၀၂၄

ဟိုပုံးမြို့နယ် တနေရာ၌ ဖေဖော်ဝါရီလ ၂၀ ရက်က PNLA နှင့် စစ်ကောင်စီနှင့်လက်အောက်ခံပြည်သူ့ စစ် တို့တိုက်ပွဲဖြစ်ပွာပြီး စစ်ကောင်စီနှင့်လက် အောက်ခံ ပြည်သူ့စစ် ၅ ဦးသေဆုံးပြီးလက်နက်ခဲယမ်းသိမ်းဆည်းရမိကြောင်း PNLA ကထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့တနေရာတွင် စစ်ကောင်စီနှင့်ပြည်သူ့စစ်က လုံခြုံရေးဆိုင်ရာလှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) စစ်ကြောင်းကို လာရောက်တိုက်ခိုက်သဖြင့် မနက် ၁၁ နာရီမှ ညနေ ၅ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

စစ်ကောင်စီနှင့်လက်အောက်ခံပြည်သူ့စစ်များ ပြန်လည်ဆုတ်ခွာသွားပြီးနောက် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)မှ နယ်မြေရှင်းလင်းမှု ပြုလုပ်ရာ အခင်းဖြစ်ပွားရာနေရာတွင် စစ်ကောင်စီနှင့်လက်အောက်ခံ ပြည်သူ့စစ် အလောင်း ၅ လောင်း ကျန်ရှိခဲ့ပြီး ခဲယမ်းကျည်ဆံများအပါအဝင် သေနတ် ၄ လက် သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

စစ်ကောင်စီနှင့်လက်အောက်ခံ ပြည်သူ့စစ်များသည် ကျူးမုန့် ဟွေးတက်ရွာအထိုက်ချပြီး မဲနယ်တောင်ဒေသသို့ အကြောင်းမဲ့ လက်နက်ကြီး ၅၇ ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ကျောက္ကဆျားကျေးရွာမှ နေအိမ်တလုံး အလုံးစုံထိခိုက်ပျက်စီးခဲ့သည့်အပြင် အခြားနေအိမ် ၁၀ လုံးခန့်လည်း ထိခိုက်မှုရှိခဲ့ကြောင်းသိရသည်။

ထို့အပြင် စစ်ကောင်စီနှင့် အပေါင်းအပါပြည်သူ့စစ်များသည် ဟိုပုံးမြို့ပုံးအယ်ဘက်မှနေပြီး ထမ်းဆန်းဂူဒေသအနီးတဝိုက်သို့ လက်နက်ကြီးများဖြင့် အကြိမ်ကြိမ် တမင်သက်သက် ပစ်ခတ်ခဲ့ကြောင်းသိရသည်။

လက်ရှိတိုက်ပွဲသည် စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်သည့် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များအနေဖြင့် စစ်အာဏာရှင်စနစ်လက်အောက်မှ ရုန်းထွက်ကာ အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ်သို့ အမြန်ဆုံးကူးပြောင်းကြရန်PNLAက ထပ်မံတိုက်တွန်းထားသည်။

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအနေဖြင့် နီးစပ်ရာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)တပ်ဖွဲ့များထံသို့ ဆက်သွယ်ကာ လက်နက်နှင့်တကွ အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ်သို့ ကူးပြောင်းလာပါက ထိုက်ထိုက်တန်တန် ဆုချီးမြှင့်မည်ဟုလည်းထုတ်ပြန်ထားသည်။

#ppv002

Leave a Reply

Your email address will not be published. Required fields are marked *