ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၂၁၊ ၂၀၂၄

စစ်ကောင်စီက လက်နက်ကြီးဖြင့် ပွန်ချောင်းဘက် ကျေးရွာထဲ ပစ်ခတ်လာသဖြင့် နမ်းဘော်ခမ်၊ကျူးစလောင်း၊ခီနန်းရွာခံများဘေးကင်းရာထွက်ပြေးရပြီး သက်ကြီးရွယ်အိုတစ်ချို့ရွာအတွင်း ပိတ်မိနေကြောင်းသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ဟိုပုံးမြို့နယ် ပုံးအယ်ရွာမှ ဖေဖော်ဝါရီ ၂၀ ရက်နေ့ ညနေပိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်နေပြီး လက်ရှိချိန်ထိပစ်ခတ်နေဆဲဖြစ်ကြောင်း သိရသည်။

“အိမ်၊လူထိခိုက်တာတော့မရှိသေဘူး။မထွက်နိုင်သေးတဲ့‌ သက်ကြီးရွယ်အိုတွေ ရွာထဲမှာ ရှိနေတယ်။အပြန်အလှန် ပစ်ခတ်မှု မဟုတ်ဘူးစစ်ကောင်စီက ပုံးအယ်ကနေ အထိုင်ယူပြီး လက်နက်ကြီး လှမ်းထုတာ ဖြစ်ပါတယ်”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ယနေ့မနက် ၇ နာရီ အစောပိုင်းတွင်လည်း လက်နက် ကြီး ၁၀ လုံးထက်မနည်းပစ်ခတ်ပြီး ကျေးရွာများထဲ ကျရောက်မှုရှိသလို နမ့်ဘော်ခမ်းကျေးရွာက နာရေးရှိသဖြင့်ယခုထိ အသုဘမချနိုင်သေးကြောင်းသိရသည်။

“ရွာက အခြေအနေ တော်တော်ဆိုးနေပြီ။ရွာမှာလည်း အသုဘ ရှိတယ် အခုထိ မချနိုင်သေးဘူးအခေါင်းလည်း မထွက်ဝယ်နိုင်တော့ဘဲ မနေ့ည ရွာကလူတွေ ကိုယ်ဘာသာအခေါင်းရိုက်ပြီး ဒီနေ့ဘဲ ချမယ်လို့ ပြောတယ် “ဟု ၄င်းက ဆက်ပြောသည်။

ဒေသခံအများစုသည်ဘေးကင်းရာထင်သည့် မိုင်းပွန်ဖက်တွင်ရှောင်ကြပြီး အများစုမှာ မရှောင်နိုင်ကြသေးကြောင်းသိရသည်။

စစ်ကောင်စီနှင့်အပေါင်းအပါများသည် မိဘပြည်သူများကို ရန်သူသဖွယ် သတ်မှတ်ပြီး နေ့စဉ် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ဖျက်ဆီးနေလျက်ရှိကြောင်း ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးအဖွဲ့ချုပ် PNLAက ထုတ်ပြန်ပြောဆိုထားပါသည်။

#PPV005

Leave a Reply

Your email address will not be published. Required fields are marked *