ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၂၁၊ ၂၀၂၄

ပအိုဝ်းဒေသဆီဆိုင်မြို့နယ်နှင့်ဟိုပုံးမြို့နယ် တိုက်ပွဲတစ်လအတွင်းတွင် အရပ်သား ၂၆ ဦးသေဆုံးပြီး လေကြောင်း တိုက်ခိုက်မှု၂၇၁ ကြိမ်ရှိခဲ့ကြောင်း ပအိုဝ်းလူငယ်အစည်းရုံး PYOထုတ်ပြန်ချက်အရသိရသည်။

ယင်းသေဆုံးမှုများသည် တိုက်ပွဲစတင်ဖြစ်ပွားသည့် ဇန်နဝါရီ ၂၁ ရက်နေ့မှ ဖေဖော်ဝါရီ ၁၇ ရက်အတွင်းသာဖြစ်ပြီး လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှု၊ဒရုန်းဖြင့်ဗုံးကြဲခံရမှု၊ သေနတ်နဲ့ပစ်သတ်ခံရမှု စသည်တို့ကြောင့် သေဆုံးခဲ့ရသည်ဟု PYOထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အခုက (၂၁)ရက်နေ့အထိ ဖြစ်သွားပီဆိုတဲ့ ကိန်းဂဏန်းကတော့ တော်တော်တိုးလာနေပါပီ”ဟု PYOဖက် တာဝန်ရှိသူတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

သေဆုံးသူ၂၆ ဦးထဲတွင် က​လေးအပါဝင် အမျိုးသား၂၁ ဦး၊ ကလေးအပါဝင် အမျိုးသမီးကတော့ ၄ ဦး၊ ကျား၊မ မသိရသေးသည့် တစ်ဦးဟုသိရသည်။

ထို့အပြင် ဘာသာရေးကျောင်း၁၂ ခု၊ အရပ်သားအဆောက်အဦး ၆၇ ခုပျက်စီးပြီး အရပ်သား ၃၇ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ၊ တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ခုနှစ်သောင်း ဝန်းကျင် ရှိပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

“တိုက်ပွဲက အခု တစ်လပြည့်တော့မယ်။စထွက်တုန်းက ခဏပဲဆိုပြီး ကိုယ့်အိုးကိုယ်အိမ်ပစ်ပြီးပြေးကြတာ ခုဆိုတစ်လ ပြည့်ပါပြီ။တိုက်ပွဲလည်းပြင်းထန်နေတုန်းမို့ စိတ်ဓာတ်လည်းကျတယ်။ “ဟု စစ်ရှောင်အမျိုးသမီးက တဦးက ပြောသည်။

ဆီဆိုင်မြို့တွင် ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးအဖွဲ့ချုပ် PNLAကထိန်းချုပ်ထားပြီး စစ်ကောင်စီနှင့်လက်အောက်ခံ ပြည်သူ့စစ်လည်း နေ့စဉ်စစ်ကြောင်း ထိုးလာခြင်းကြောင့် ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဖက်လက်နက်ကြီး၊လေယာဉ်၊ဒရုန်းဖြင့်ပါတိုက်ခိုက်ခြင်းကြောင့် အရပ်သား ထိခိုက်ဆုံးရှုံးမှု မြှင့်တက်လျက်ရှိကြောင်း သိရပါသည်။

#PPV005

Leave a Reply

Your email address will not be published. Required fields are marked *