ခမ်းသားငေါဝ်း
ဖေဖော်ဝါရီလ ၂၀၊ ၂၀၂၄

ပုံးအယ်ကျေးရွာတွင် စစ်ကောင်စီတပ်စွဲထားပြီး အကြောင်းမဲ့လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် အနီးပတ်ဝန်းကျင်ရွာဒေသခံများထိတ်လန့်ပြီး တိမ်းရှောင်နေရကြောင်း ဒေသခံတစ်ဦးပြောပြချက်အရသိရသည်။

ဟိုပုံးမြို့နယ် တောင်ကြီး-မိုင်းပွန်သွားလမ်းဘေးရှိ ပုံးအယ်ကျေးရွာတွင် စစ်ကောင်စီတပ်စွဲထားပြီးဖေ ဖော်ဝါရီလ(၂၀)ရက်နေ့ညနေပိုင်းက အကြောင်းမဲ့ ပွန်ချောင်းဘက်သို့လက်နက်ကြီးများ ပစ်ခတ်နေခြင်းကြောင့်တိုက်ပွဲဖြစ်လာမည်ကိုဒေသခံက စိုးရိမ်နေကြ သည်။

“စဖြစ်တာက(၄)နာရီဝန်းကျင်‌လောက်ထင်တယ်၊ ရုတ်တရက်ရွာပေါ်မှာ လေယာဥ်တွေအများကြီးလာဝဲတော့ လန့်သွားတယ်၊ ဒီညအိမ်မှာမအိပ်ရဲဘူး ရွာထဲကျမှာစိုးလို့ ခြံထဲကတဲမှာပဲသွားအိပ်ကြတယ်” ဟုဒေသခံအမျိုးသားတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ပုံအယ်ကျေးရွာရှိရွာသားများသည်လည်းထွက်ပြေး တိမ်းရှောင်နေကြပြီး ရွာထဲတွင်သက်ကြီးရွယ်အိုသာ ကျန်ရှိကြောင်း ဘေးပတ်ဝန်းကျင်ရွာများသည်လည်း ရွာထဲလက်နက်ကြီးကျမည်ကိုစိုးရိမ်ကြသောကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု၎င်းကပြောသည်။

“တိုက်ပွဲကမဖြစ်ဘူးထင်တယ် လက်နက်ငယ်သံတွေကမကြားရဘူး၊ လက်နက်ကြီးသံတွေပဲ၊ ပုံးအယ်ရွာကနေ ပွန်ချောင်းဘက်လှမ်းပစ်တာခုက ကျွန်တော်တို့ကနီးတော့ကြိုရှောင်ထားတယ်” ဟု၎င်းကဆက်ပြောသည်။

ပုံးအယ်ကျေးရွာထဲတွင် စစ်ကောင်စီကတပ်စွဲနေရာယူထားပြီး နမ့်ဗော်ခမ်းကျေးရွာဘက်တွင်လည်း ဘယ်အဖွဲ့ကမသိရသည့်ရှမ်းစစ်သားများက လွန်ခဲ့သည့်တစ်လကတည်းကပင် တပ်စွဲနေရာယူထားကြောင်းဒေသခံပြောပြချက်အရ သိရသည်။

ပုံးအယ်ကျေးရွာအနီးနားတစ်ဝိုက်တွင် နမ်းဗော်ခမ်း၊ ကောင်မူဗွာ၊ ကျူးစန်းလောင်း၊ မိုင်းဟိန်းပိန်း၊ ခိင်းနန်း၊ ကောင်းသပြေ စသည့်ကျေးရွာများရှိကြောင်း သိရသည်။

#PPV007

Leave a Reply

Your email address will not be published. Required fields are marked *