ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၁၉၊၂၀၂၄

ဆီဆိုင်မြို့နယ်အတွင်း ပစ္စည်းပြန်သယ်ကြသည့်အရပ်သားများကို စစ်ကောင်စီက လက်နက်ကြီး​ဖြင့်ပစ်ခတ်သဖြင့် ၇ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာပြင်းထန်ရရှိခဲ့ကြောင်းသိရသည်။

ဖေဖော်ဝါရီ ၁၉ ရက်နေ့ နံနက် ၆ နာရီနှင့် ၇ နာရီဝန်းကျင်တွင် စစ်ကောင်စီပစ်ခတ်သည့်လက်နက်ကြီး ဆီဆိုင်မြို့နယ် ဝါးတောကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီးထိခိုက်ခြင်းဖြစ်သည်။

“ဒဏ်ရာရထားသူတွေကတော့ ကျွန်တော်တို့သိထားသလောက်က ၆ ဦးရှိတယ်။ အခြားလည်းရှိနိုင်သေးတယ်။ သွားကြိုပေးတဲ့သူက ကားဟိုက်ဂျက်နဲ့တင်တာ မဆန့်လို့လိုက်ပြန်ရတယ်လို့ပြောတယ်။”ဟုဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။

ဒဏ်ရာပြင်းထန်ရရှိထားသူမှာ ခွန်မြတ်ဝင်း၊ခွန်ဝေးချစ်၊ခွန်ထွန်းနီ၊ခွန်မောင်နွေ၊ခွန်အောင်ခမ်း၊ခွန်ဖူပြာ တို့ဖြစ်ကြောင်းသူကဆက်ပြောသည်။

PNLAပြောဆိုခွင့်ရှိသူတစ်ဦးက”အဲ့ဒီမှာ ၈ ဦးကတော့ဒဏ်ရာပြင်းထန်ရတယ်။ အဲ့ဒီမှာက တချို့စိုးရိမ်ရတဲ့ဒဏ်ရာရရှိသူမှ အသက်ဆုံးရှုံးရတာရှိတယ်။ ဒါမဲ့ဘယ်နှစ်ဦးဆုံးရှုံးသွားလဲဆိုတာက ကျွန်တော်တို့အတည်ပြုနေဆဲဖြစ်ပါတယ်။”ဟုခမ်းသားငေါဝ်းကိုပြောသည်။

အွန်လိုင်းပေါ်မှ သတင်းအမှားများကြည့်ပြီး ဘယ်နေ့ပြန်လို့ရသည် ဘယ်မှာပြန်လို့ရသည် စသည့်သတင်းအမှားများပြောဆိုသည်ကိုမယုံကြည်ပဲအဖွဲ့အစည်း၏ တရားဝင် သတင်းများ ထုတ်ပြန်ချက်များကိုကြည့်ခြင်းအားဖြင့် အသိပေးမှသာပြန်လာကြပါရန် PNLA ကတိုက်တွန်းပြောသည်။

ဆီဆိုင်မြို့သည် စစ်ကောင်စီတပ်နှင့် လက်အောက် ခံပြည်သူ့စစ်များက စစ်ကြောင်းထိုးရန်ကြိုးစားနေသည့်အတွက် နေ့စဥ်ထိတွေ့တိုက်ပွဲများဖြစ်ပွားလျက်ရှိသော်လည်း ယနေ့သည် ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဒရုန်းနှင့် လက်နက်ကြီးတို့ဖြင့် တမင်ပစ်ခတ်နေကြောင်း PNLA ပြောဆိုခွင့်ရှိသူကပြောဆိုသည်။

စစ်ကောင်စီတပ်သည် ဆိုင်ခေါင်ဒေသတွင် လက်နက်ကြီးအထိုင်ချပြီး ဆီဆိုင်မြို့ကိုပစ်မှတ်ထားပစ်ခတ်သလို မြို့၏ မြောက်ဘက်ရှိ ခမရ ၄၂၃ ကလည်း ကျေးရွာများကိုပစ်မှတ်ထား ဒရုန်းဖြင်ပစ်ခတ်တိုက်ခိုက်နေကြောင်းသိရသည်။

#PPV004

You missed