ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၁၈၊၂၀၂၄

သံလွင်မြစ်အရှေ့ဖက်ကမ်းရှိ စစ်ကောင်စီ ရှေ့တန်းအထိုင်တပ်စခန်း ၂ ခု တပ်သားများဆုတ်ခွာသွားသည့် အတွက် တော်လှန်ရေးအင်အားစုဘက်က သိမ်းပိုက် လိုက်ပြီဖြစ်ကြောင်းသိရသည်။

ကရင်နီပြည် ရှားတောမြို့နယ် သံလွင်မြစ်အရှေ့ဘက်ရှိ ဟွေအွန်နှင့် ကျားပါးစပ်ကြီးစခန်း ၂ခုကို စစ်ကောင်စီတပ်သားက ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ နောက်ဆုံးအထိုင်ချပြီး စခန်းကိုစွန့်ခွာခဲ့ကြောင်း KNDF၏ ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနကယမန်နေ့ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာထုတ်ပြန်ထားသည်။

“စခန်းကို ကျွန်တော်တို့ တပ်ဖွဲ့ကသိမ်းပိုက်ပြီးဖြစ်တယ်။ ရှင်းလင်းရေးလုပ်ပြီးတော့ပေါ့။ အဲ့ဒီစခန်း ၂ ခုစလုံးမှာ စစ်ကောင်စီတပ်တွေမရှိတော့ပါဘူး။”ဟု KNDFသတင်းပြန်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

စစ်ကောင်စီ၏ ဟွေပုန်းလောင်းဒေသ စိုးမိုးကုန်းတစ်ခုဖြစ်သော ကျားပါးစပ်ကြီးစခန်းနှင့် နန့်ပန်ချောင်းဘေးက အခြေပြုထားသည့် ဟွေအွန်စခန်းရှိ စစ်ကောင်စီတပ်သားများကို ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၃ ရက်နေ့ထိ ရဟတ်ယာဥ်ဖြင့် လာရောက်ခေါ်ယူပြီး စခန်းကိုစွန့်ခွာခဲ့ကြောင်းသိရသည်။

ထိုတပ်စခန်း ၂ခုသည် ကရင်နီပြည်နှင့် ထိုင်းနယ်အစပ်တွင် တည်ရှိပြီး စစ်ကောင်စီအတွက်အရေးပါသည့် ရှေ့တန်းတပ်စခန်းဖြစ်သော်လည်း စစ်ကောင်စီက လက်လွတ်ပြီးဆုတ်ခွာခဲ့သည်။

ကရင်နီီပြည်အတွင်းမှာ စစ်ကောင်စီ၏ လှုပ်ရှားမှုများ မရှိသလောက်ဖြစ်နေလျက်ရှိပြီး မြေပြင်၌ လှုပ်ရှားရန် အင်အားမရှိတော့သလို လေယာဥ်နှင့်သာ ပို့ဆောင်နေရကာ မြေပြင်စစ်ကြောင်းထိုးနိုင်သော အခြေနေမရှိတော့ဘူးလို့ပြောလို့ရသည်ထိဖြစ်နေကြောင်း ၎င်း KNDFတာဝန်ရှိသူကဆက်ပြော သည်။

စစ်ကောင်စီတပ်မှ စခန်းကိုစွန့်ခွာပြီးသည့်နောက် ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ဟွေအွန်စခန်းကို KNDF B/21နှင့် KNPLFတို့ပူးပေါင်းပြီးလင်းလင်းရေးလုပ်သလို ကျားပါးစပ်ကြီးစခန်းကိုလည်း ကရင်နီတပ်မတော် KAတို့က ရှင်းလင်းရေးဝင်လုပ်ခဲ့သည်။

ရှင်းလင်းရေးဝင်လုပ်ရာတွင် ယင်းစခန်းတို့ရှိ ဆန်အိတ်အချို့နှင့် ခဲယမ်းအချို့တို့ကို သိမ်းဆည်းခဲ့ရကြောင်း ထုတ်ပြန်ချက်မှာ ပြောဆိုထားသည်။

#PPV004

Leave a Reply

Your email address will not be published. Required fields are marked *