ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၁၈၊၂၀၂၄

ပင်းတယမြို့နယ်ကျူံးစံပြကျေးရွာအတွင်း စစ်ကောင်စီအာဏာပိုင်များဦးဆောင်ပြီး လောင်းကစားဝိုင်းဖွင့်လှစ်ခြင်းကြောင့် ဒေသတွင်းရှိ လူငယ်များအကျင့်စာရိတ္တပျက်ပြားနေရ ကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် ကျုံးစံပြကျေးရွာအုပ်စုတွင် စစ်ကောင်စီအာဏာပိုင်များက အခကြေးငွေယူပြီး လောင်းကစားဝိုင်းကိုအကြီးအကျယ်ဖွင့်လှစ်နေသည့်အတွက် လူငယ်အများစု အကျင့်စာရိတ္တပျက်ပြားနေရကြောင်းဆိုသည်။

“လူငယ်တွေအိမ်ထောင်ကွဲတာတွေရှိတယ်။ အဲဒီလောင်းကစားဝိုင်းနောက်ကိုလိုက်တယ်ပေါ့နော်။ သူ့မိန်းမတွေ သူ့ကလေးတွေထားခဲ့ပြီးတော့ပေါ့နော်။ အရင်ကပညာတတ်တစ်ယောက်ပဲ လောင်းကဝိုင်းဖက်လှည့်တော့ အိမ်တောင်မနေတော့ဘူး၊အိမ်လည်းမရှိတော့ဘူး။ လောင်းကစားရှိတဲ့နေရာကိုသွားလိုက် နေလိုက်နဲ့ လူဘဝရှုံးသွားတာရှိတယ်။”ဟုဒေသခံအမျိုးသမီးတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။

ဒေသတွင်း ဥပဒေသက်ရောက်မှုမရှိတော့သလို ယခင်က ဖမ်းဆီးနှိမ်နင်းခြင်းရှိသော်လည်းလက်ရှိ အရေးယူဆောင်ရွက်မည့်အစား အာဏာပိုင်များကဦးဆောင်ပြီး အကြီးအကျယ်ဖွင့်လှစ်နေကြောင်းသူကဆက်ပြောသည်။

ကျူံးစံပြကျေးရွာအုပ်စု စံပေါသီးကျေးရွာအဝင် သစ်တောတောင်ကုန်းတစ်နေရာတွင် ထွေအုပ်၊ရဲ၊ဒေသဦးစီးနှင့် စရဖတို့က အခကြေးငွေယူပြီးလောင်းကစားဝိုင်း ဖွင့်လှစ်နေကြောင်း ဒေသတွင်းမီဒီယာကဖော်ပြထားသည်။

ယင်းလောင်းကစားဝိုင်းကြောင့် သားကွဲ မယားကွဲများ၊ အိမ်ထောင်ကွဲများ၊ စီးပွားပျက်စီးမှုများနှင့် လူငယ်၏ ဘဝပျက်ပြားနေရသော ဆိုးကျိုးများဖြစ်ပွားနေလျက်ရှိကြောင်းသိရသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နှင့် ရွာငံမြို့အတွင်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက် လောင်းကစားဝိုင်းများသွင်သွင်ကျယ်ကျယ်ဖွင့်လှစ်နေသည့်အပြင် မူးယစ်ဆေးဝါးသုံးစွဲသူများ၊ မူးယစ်ဆေးဖောက်ကားရောင်းဝယ်သူများလည်းပို၍ များလာကြောင်းသိရသည်။

လက်ရှိလောင်းကစားဝိုင်းကြောင့် ဒေသတွင်းပြည်သူများဘဝနေထိုင်မှုကို ထိခိုက်သလို အနာဂတ်လူငယ်၏ ဘဝရှေ့ရေးကိုလည်းထိခိုက်လာမည်ကိုစိုးရိမ်သောကြောင့် ယင်းလောင်းကစားဝိုင်းများဖွင့်လှစ်နေသည်ကိုမလိုလားကြောင်းပြောဆိုကြသည်။

#PPV004

Leave a Reply

Your email address will not be published. Required fields are marked *