ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၁၈၊ ၂၀၂၄

ထမ်းယံရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီလက်နက်ကြီးရမ်းသမ်းပစ်ခတ်ခြင်းကြောင့် (၁) နှစ်ကျော်ကလေးတစ်ဦးအပါအဝင် နှစ်ဦး သေဆုံးခဲ့ကြောင်းသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့နယ်၊ ထမ်းယံရွာတွင် ဖေဖော်ဝါရီ ၁၇ ရက် ညလူအိပ်ချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီကလက်နက်ကြီးရမ်းသမ်းပစ်ခတ်လာခဲ့ ကြောင်းသိရသည်။

“ထမ်းယံထီတမ်ရွာမှာတစ်ဦး သေတယ်။ ဒဏ်ရာရသူလည်းများတယ်။ ထမ်းယံအပေါ်ရွာတော့ ၁ နှစ်ကျော်ကလေးငယ်တစ်ဦးသေဆုံးပြီး ကလေးအဖေ လည်း ဒဏ်ရာရရှိခဲ့တယ်”ဟု ဒေသခံ တစ်ဦးက ခမ်းသားငေါဝ်းကို တည်ပြုပြောကြားသည်။

ယင်းပစ်ခတ်မှုသည်ဘန်းယဉ်မြို့ရှိ စစ်ကောင်စီ ခမရ ၄၂၅ နှင့် ၄၂၆ တပ်မှ ပစ်ခတ်လာခြင်းဖြစ်ကြောင်း ပြောဆိုမှုရှိသလို ကျောင်းချယ်နှင့် နမ်းဟူးရွာကြား တောင်ပေါ် ဘုန်းကြီးကျောင်းတွင် စစ်ကောင်စီကတပ်စွဲအမြောက်တပ်ထိုင်ပြီး ထမ်းယံကိုပစ်ခတ်နေကြောင်းလည်း ဒေသခံကပြောသည်။

အရပ်သားထိခိုက်သေဆုံးသည့်အပြင် ထမ်းယံထီတမ်ရွာ နေအိမ်တစ်လုံး၊ထမ်းယံအပေါ်ရွာ လူနေအိမ်တစ်လုံးလည်း လက်နက်ကြီးထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

“လက်နက်ကြီးပစ်လာတော့ ရွာသားတွေ ညချင်းဘဲ တောထဲ ထွက်ပြေးရတယ်။လက်နက်ကြီးကို ကြောက်လို့ ဘယ်သူမှ မအိပ်ရဲဘူး” ဟု၄င်းက ဆက်ပြောသည်။

ထမ်းယံရွာသည် ဘန်းယဉ်မြို့အရှေ့ဖက်တွင်ရှိပြီး အိမ်ခြေစုစုပေါင်း ၇၀၀ ကျော်ရှိကာ ပအိုဝ်းတိုင်ရင်းသားများနေထိုင်ကြကြောင်းသိရသည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင်လည်း ပဆျားကြိုးရွာတွင် စစ်ကောင်စီလက်နက်ကြီး ထိမှန်မှုကြောင့် အရပ်သားနှစ်ဦး ပွဲချင်းသေဆုံးပြီး ၅ ဦးထက်မနည်း ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

#PPV005

Leave a Reply

Your email address will not be published. Required fields are marked *