ခမ်းသားငေါဝ်း

ဖေဖော်ဝါရီ ၁၇၊ ၂၀၂၄

PNO ပြည်သူ့စစ်မှ အတင်းအဓမ္မခေါ်ယူ စုဆောင်းသည့် ပင်လောင်းရှိ ပအိုဝ်းလူငယ်များကို ရင်းမှီးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းတွင် စစ်သင်တန်း ပေးနေကြောင်းဒေသခံများကပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တောင်ပိုင်း ကျေးရွာရှိ အမျိုးသားလူငယ်များကို PNO ပြည်သူ့စစ်က တပ်သားသစ်ခေါ်ယူပြီး စစ်ကောင်စီက သင်တန်းပေးနေပြီဖြစ်ကြောင်းသိရသည်။

“သင်တန်းက ရင်းမှီးတပ် ထီတလိ တောင်ခြေမှာ ရှိတဲ့ လေးကျင်းရေးကွင်းမှာ သွားတက်ရတယ် ။သင်ပေးတဲ့ နည်းပြဆရာလည်း စစ်တပ်ကဘဲ။တစ်သုတ်ကို ၁၅ ရက် သွားတက်ရတယ်”ဟု လူငယ်တစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။

စစ်သင်တန်း ခေါ်ယူမှုသည် အသက်မပြည့်သေးသည့် ကလေးများလည်း အတင်းအဓမ္မပါဝင်ခိုင်းကြောင်း သိရသည်။

“အိမ်တိုင်းသွားရတယ်။ တစ်ချို့အိမ်ကအရွယ်မှန်အမျိုးသားလည်းမရှိတော့ အသက်မပြည့်တဲ့ကလေး ၁၅၊ ၁၆ နှစ်အရွယ် လည်းတက်ခိုင်းတယ်”ဟု ၄င်းက ဆက်ပြောသည်။

ယခုလိုသင်တန်းပြုလုပ်နိုင်ရန်အတွက် PNO ပြည်သူ့စစ်နှင့်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှု၊ရွာသူကြီး၊ဆယ်အိမ်ခေါင်းတို့မှ လူစုပေးကြောင်းသိရသည်။

ထိုအပြင် သင်တန်းတက်ပြီး ထူးချွန်သူတစ်ချို့ကို လူပြန်ရွေးချယ် လက်နက်တပ်တင်ပေးပြီး နေရာ၊ရာထူး အမျိုးမျိုးခန့်အပ်ပေးကြောင်းသိရသည်။

ဒေသခံတစ်ဦးကလည်း”သူတို့က အဲလိုလုပ်တာကြာပြီ။အရင်က ဖြေးဖြေးပဲ လုပ်သွားပေမယ့်ခုဆီဆိုင်တိုက်ပွဲ ဖြစ်တော့လူမရမကပြန်စု အတင်းအဓမ္မ တက်ခိုင်းတာ။တစ်ချို့က စစ်သင်တန်းတက်ပြီး ရွာမှာ အာဏာပြန်ပြတာတို့ ကျေးရွာထဲ ပြန်အနိုင်ကျင့်တာတို့ လုပ်တယ်”ဟု ပြောသည်။

ပင်လောင်းမြို့နယ်တွင် လှုဦးရေ ၁ သိန်း ၈ သောင်းရှိပြီး လှုဦးရေ ၈ သောင်းသည် အရွယ်မှန် လူငယ်၊လူလတ်ပိုင်းများဖြစ်သဖြင့် စစ်ကောင်စီက ပြည်သူ့စစ်အဖြစ် စုဆောင်းထားကြောင်းသိရသည်။

#PPV005

Leave a Reply

Your email address will not be published. Required fields are marked *