ခမ်းသားငေါဝ်း
ဖေဖော်ဝါရီ ၁၇၊ ၂၀၂၄

ပေါမူကျေးရွာအုပ်စုအတွင်း PNO ပြည်သူ့စစ်လုံခြုံရေးကင်းလှည့်စရိတ်ဟုဆိုပြီး ငွေကြေးကောက်ခံမှုပြုလုပ်နေကြောင်း ဒေသခံ များထံသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် မြှောက်ဖက် ပေါမူကျေးရွာတွင် ဖေဖော်ဝါရီ ၁၆ ရက်နေ့က သားသတ်ခုံ၊ စားသောက်ဆိုင်နှင့်ကုန်ဆုံဆိုင်ဖွင့်ထားသူများ လုပ်ငန်းရှင်များထံ ငွေကြေးတောင်းခံ နေကြောင်းသိရသည်။

“သူတို့ကစာနဲ့လာပေးတယ်။ အစည်းအဝေးလုပ်မယ်ပေါ့ ။သူတို့ဒီရပ်ရွာကိုကာကွယ်ဖို့စရိတ်ဆိုပြီး ပြောလာတယ်။အစည်းဝေးမှာတော့ ဆိုင်အငယ်ဆို တစ်သိန်း တောင်းတယ်။ ဆိုင်အကြီးက၂ သိန်းတောင်းတယ်”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။

ယခုတွင် ကုန်စျေးနှုန်းကြီးမြှင့်ပြီး စီးပွားရေးကျဆင်းချိန် ယခုလို သိန်းဂဏန်းတောင်းခြင်းသည် အခက်ခဲများ ဖြစ်စေကြောင်း ၄င်းက ဆက်ပြောသည်။

ထိုအပြင် ပေါမူရွာရှိ ဒေသခံလူငယ်များကိုလည်း PNO ပြည်သူ့စစ်က စစ်သား အတင်းအဓမ္မခေါ် ယူပြီး မသွားသော ဒေသခံလူငယ်များသည် PNO ပြည်သူ့စစ်ကို ပိုက်ဆံ ၇ သိန်း ပေးရကြောင်းသိရသည်။

“သူတို့ခေါ်တာကို ငြင်းဆန်တဲ့လူဆို ပိုက်ဆံ ၇သိန်း လျှော်ရတယ်။ပေါမူ ဒေသတစ်ဝိုက်အဲလိုလုပ်ကြတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့တွင်လည်းပေါမူကျေးရွာတွင် အသက် ၁၈ နှစ်အထက် ၃၅ နှစ်အောက်လူငယ်များကို PNO ပြည်သူ့စစ်မှုထမ်းရန်စည်းရုံပွဲပြုလုပ်ပြီး ယင်းစည်းရုံးပွဲကိုတောင်ကြီးမြို့နယ် နှင့် ဟိုပုံးမြို့နယ်ရှိ ကျေးရွာအုပ်စု ၂၅ စုမှ လူငယ်များကို အမိန့်ပေးတက်ခိုင်းခဲ့ကြောင်းသိရသည်။

#PPV005

Leave a Reply

Your email address will not be published. Required fields are marked *