ခမ်းသားငေါဝ်း
ဇန်နဝါရီ ၃၀၊ ၂၀၂၄
ပအိုဝ်းဒေသတွင်း စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ် အဖွဲ့က PNLO အဖွဲ့နာမည်အသုံးပြုပြီး ပြည်သူကိုလိမ်လည်ဆွဲဆောင်ကာ ပြည်သူ့စစ်တပ်သားသစ်စုဆောင်းခြင်း၊ ငွေကောက်ခြင်းများပြုလုပ်နေကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ကျောက်တစ်လုံးကြီးမြို့နယ်နှင့် ဟိုပုံးမြို့နယ် စငေါ ဒေသတွင် PNO ပြည်သူ့စစ်အဖွဲ့က တပ်သားသစ်စုဆောင်းခြင်းနှင့် ငွေကောက်ခံခြင်းများ ပြုလုပ်နေကြောင်းသိရ သည်။
ထိုသို့ PNO ပြည်သူ့စစ်က တပ်သားသစ်စုဆောင်းခေါ်ဆောင်သော်လည်း ပြည်သူများက ပြည်သူ့စစ်သို့ မဝင်လိုသည့်အတွက် PNLO အဖွဲ့နာမည်အသုံးပြုပြီး ပြည်သူကိုလိမ်လည်ကာ ဆွဲဆောင်ခေါ်ဆောင်နေကြောင်း PNLO တာဝန်ရှိသူက ခမ်းသားငေါဝ်းကိုပြောသည်။
‘’ကျောက်တစ်လုံးကြီးမြို့နဲ့ စငေါဘက် မဲနယ်တောင်ဒေသမှာ PNO ပြည်သူ့စစ်က တပ်သားသစ် လူစုနေတာ ကျွန်တော်တို့ကြားပါတယ်။ ရွာသားတွေက ပြည်သူ့စစ်ခေါ်တာမသွားဘူး၊ အဲတော့ ပြည်သူ့စစ် တွေက PNLO အတွက်၊ ဗိုလ်မှူးသူရိန်အတွက် လူစုတာပါ ဆိုပြီးရွာသားတွေကို လိမ်လည်လှည့်ဖျား လူစုတာ၊ ငွေကောက်တာရှိတယ်ဆိုတာ ကျွန်တော်တို့လည်းကြားတယ်။ ကျွန်တော်တို့ အဲလိုမျိုး လုပ်တာမရှိဘူး။ PNLO အနေနဲ့ အဲဘက်မှာလူစုတာ၊ ဆက်ကြေးကောက်တာမရှိပါဘူး PNO ပြည်သူ့စစ် ကျွန်တော်တို့ကို ပုံရိပ်ယောင်ဖျက်ပြီးလုပ်တာပါ” ဟု PNLO ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောသည်။
ဆီဆိုင်မြို့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ် ပြည်သူလူထုကို ပြည်သူ့စစ်ထဲဝင်ရန်နှင့် ပအိုဝ်းဒေသတွင်း နေထိုင်သည့် အသက် ၁၈ နှစ်မှ ၃၅ နှစ်အကြား အမျိုးသားများ တစ်အိမ်တစ်ယောက် မဖြစ်မနေ ပါဝင်ရမည်ဟု ဇန်နဝါရီ ၂၇ ရက်က ပြည်သူကို တိုက်တွန်းသည့် အမိန့်စာ ထုတ်ပြန်ထားသည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး PNO ပြည်သူ့စစ်တာဝန်ရှိသူကို ခမ်းသားငေါဝ်က ဆက်သွယ်မေးမြန်းခဲ့သော်လည်း စက်ပိတ်ထားသည်။
“စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အနေဖြင့် ကိုယ်ကိုတိုင် စစ်ကောင်စီထံကျွန်ခံရင်လည်း ကိုယ့်ကို ကိုကျွန်ခံပါ ပအိုဝ်းလူမျိုးသားသမီး ရင်သွေးငယ်တွေကို စစ်ကောင်စီထံကျွန်ခံဖို့ လိမ်လည်လှည့်ဖျားပြီး မလုပ်ဆောင်ပါနဲ့”ဟု PNLA ပြောရေးဆိုခွင့်ရှိသူက ခမ်းသားငေါဝ်းကိုပြောသည်။
ဆီဆိုင်မြို့တိုက်ပွဲဖြစ်ပွားပြီးနောက် PNO ပြည်သူ့စစ်က ပြည်သူများကို အတင်းအဓမ္မတပ်သားစုဆောင်းမှု ပြုလုပ်နေပြီး ပြည်သူများအ‌ နေဖြင့် အခက်ခဲရှိကြောင်း ဒေသစုံပြည်သူများက ခမ်းသားငေါဝ်းသို့ ပြောကြားလာသည်။

Leave a Reply

Your email address will not be published. Required fields are marked *