ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၉၊ ၂၀၂၄
ဟို့ပုံးမြို့နယ်အတွင်းကျေးရွာများကို PNO ပြည်သူ့ စစ်က အတင်းအဓမ္မ စစ်သားစုဆောင်းနေခြင်းကြောင့် ဒေသခံပြည်သူများအခက်ခဲရှိနေကြောင်းသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် နောင်ဒေးကျေးရွာအုပ်စုတွင် ကျေးရွာလူကြီးများကို ခေါ်ယူဆွေးနွေးပြီး အိမ်တိုင်းလိုလို အိမ်ထောင်စုဇယားများကောက်ကာ ကျေးရွာအုပ်စု တစ်စုကို အယောက် (၁၀၀) ပြည်သူ့စစ်ထဲ မဝင်မနေရ ဝင်ရမည်ဟုအမိန့်ပေးထားကြောင်း ဇန်နဝါရီလ ၂၉ ရက်ကဒေသခံများထံသိရသည်။
“သူတို့က ရွာသားတွေကို သက်သက်သွားသေခိုင်းတာနဲ့တူတူပဲ။ မအလ တပ်အတွက် လူသားဒိုင်းလုပ်ခိုင်းတာနဲ့တူတူပါပဲ။ မသွားချင်ပေမယ့် သွားရတယ်။ ရွာသူကြီးတွေကလည်း မတက်နိုင်ဘူး။” ဟု ဒေသခံတစ်ဦးက ခမ်းသားငေါဝ်း ကိုပြောသည်။
ထိုတပ်သားစုဆောင်းမှုမှာ အရွယ်ကောင်းလူငယ်များ အသက် ၁၈ နှစ်မှ ၃၈ နှစ်အရွယ်ရှိသူများ တပ်ထဲ မဝင်မနေရဝင်ရဖြစ်ပြီး ၅ နှစ်တာဝန်ထမ်းဆောင်ရမည်၊ ထိုင်းသို့ထွက်ပြေးပါက ၁၀ နှစ် တာဝန်ထမ်း‌ဆောင်ရမည်ဟု PNO ပြည်သူ့စစ်က ဒေသခံများကို ခြိမ်းခြောက်ထားကြောင်းသိရသည်။
ထို‌ဒေသမှ ပြည်သူများအား ဘယ်နေရာသို့ရောက်ရောက် ပြန်လာရမည်ဖြစ်ပြီး အိမ်ထောင်ရှိ အမျိုးသားများလည်းပါဝင်ရမည်ဖြစ်ကြောင်း ကျေးရွာသူကြီးများကို အမိန့်ပေး ထားသည်ဟုသိရသည်။
“အရင်ကတည်းက စစ်ထဲမဝင်ချင်ရင် ၃ သောင်းကောက်တယ်။ အခုလူပါထပ်ခေါ်တော့ မတရားဘူးပေါ့ ရွာသားတွေကို မင်းအောင်လှိုင်ထံ သက်သက်ထိုးကျွေးတာ၊ သူတို့ကိုပဲ အားကိုးရမလားထင်ပြီး အခုတော့ ရွာသားတွေကို ဖိအားပေးလာတာ တကယ်စိတ်မကောင်းဘူး။” ဟု ၄င်‌မှဆက်ပြောသည်။
လာမည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် လူစုစေပြီး ၂ ရက်‌နေ့မှစပြီး လက်နက်တပ်ဆင်ပေးမည်ဖြစ်ကြောင်းဒေသခံပြောပြချက်အရ သိရသည်။
ဟိုပုံး မြို့တွင်လည်း ၆ ဘီးကား၊ Canter Truck ကားရှိပြည်သူများကို စစ်တပ်က ချောဆွဲထားပြီး အလှည့်ကျတပ်တွင်းသို့ညအိပ်သွားစောင့်ပေးနေရကြောင်းဒေသခံပြောပြချက်အရသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *