ခမ်းသားငေါဝ်း
ဇန်နဝါရီ ၃၀၊၂၀၂၄
ညောင်ရွှေမြို့နယ်၊ ထီရီးကျေးရွာတောင်ဘက်တွင် တိုက်ပွဲဖြစ်ပွားနေသဖြင့် ထီရီးရွာဒေသခံများ ရွာလုံးကျွတ် နီးစပ်ရာကျေးရွာတွင် တိမ်းရှောင်နေကြကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ လင်လမ်တောင်ကျေးရွာအုပ်စု ထီရီးကျေးရွာတောင်ဘက်တွင် တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် ထီရီးရွာဒေသခံများ နီးစပ်ရာကျေးရွာတွင် တိမ်းရှောင်နေကြကြောင်း သိရသည်။
“ကျွန်တော်တို့က ရွာမြောက်ဘက် ဒီနမ်းဗွန်ရွာမှာပဲသွားရှောင်နေကြတယ်၊ တစ်ချို့တွေကျတော့ နီးစပ်ရာရွာမှာ ဆွေမျိုးတွေ အိမ်မှာသွားနေကြတယ်၊ နမ်းဗွန်ရွာမှာ နဂိုကတည်းက ရေရှားတော့လေ ရေအခက်အခဲတော့ရှိတယ်၊ ပြီးတော့အိမ်သာတွေဆိုလည်း ဖြစ်သလိုပဲ ဆောက်ထားရတယ်” ဟုဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
ထီရီးရွာတောင်ဘက်တွင် တိုက်ပွဲဖြစ်ပွားနေပြီး ထီရီးကျေးရွာထဲတွင် စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်သားများ ဝင်ရောက်နေရာယူထားပြီး ထီရီးကျေးရွာမြောက်ဘက် ထမင်းချိုးဓာတ်ဘုရားတောင်ပေါ်တွင်လည်း တပ်စွဲနေရာယူထားကြောင်း သိရသည်။
“ဒီဘက်မှာက လက်နက်သံဆိုရက်တိုင်းပဲ၊ အိမ်ကိုတော့သူတို့ပေးမပြန်ဘူး၊ အိမ်ပြန်ရတာဆိုလို့တစ်ခါတစ်လေ အရမ်းအရေးကြီးတဲ့ အချိန်လောက်ပဲပြန်လို့ရတယ် အဲ့တာတောင်မှ ခနလေးပဲ ပြီးရင်ပြန်ထွက်လာရတယ်”ဟု ၎င်းကဆက်ပြောသည်။
ထီရီးကျေးရွာသည် ယခင်လကတည်းကပင် စစ်ဘေးတိမ်းရှောင်နေရသော်လည်း ထိုချိန်တွင် ရွာတွင်းဝင်ထွက်သွားလာလို့ရပြီး ယခုချိန်တွင် ရွာထဲသို့ လုံးဝ ဝင်မရတော့သည့်အတွက်ကြောင့် ထီရီးရွာမြောက်ဘက်ရှိ နမ်းဗွန်ကျေးရွာမှာပင် ရွာလုံးကျွတ်တဲထိုးကာ နေထိုင်ရကြောင်း ဆိုသည်။
“ဒီလိုမျိုးတိမ်းရှောင်ရတော့ ဝမ်းနည်းတာပေါ့နော်၊ ကိုယ့်အိုးကိုယ့်အိမ်ရှိရက်သားနဲ့ မနေရဘူး၊ အိမ်ပြန်လိုက်ရင်လည်းအထီးကျန်သလိုခံစားရတယ်။ ဒီချိန်မှာ ရွာထဲပြန်နေလို့ရရင်တောင် ဘယ်သူ့မှမနေကြတော့ဘူးလေ၊ အဲ့လိုမျိုးတွေးလိုက်ရင် တအားအားငယ်ရတယ်” ဟု ၎င်းက ဆက်ပြောသည်။
ထီရီးရွာတောင်ဘက်တွင် တိုက်ပွဲဖြစ်ပွားနေပြီး ထီရီး၊ တောင်ပို့ကွဲ၊ ရေပူ၊ ညောင်လေးပင် ကျေးရွာများတွင် စစ်တပ်နှင့် PNOပြည်သူ့စစ်သားများက တပ်စွဲနေရယူထားပြီး ၎င်းအနီးတွင် တော်လှန်ရေး PDF ရဲဘော်များလည်း ရှိနေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *