ခမ်းသားငေါဝ်း
ဇန်နဝါရီ ၃၀၊၂၀၂၄
ဆီဆိုင်တွင် ပိတ်မိနေသည့် ညီလေးကိုသွားခေါ်ရာ
ညောင်ကိုင်းရွာအရောက်တွင် စစ်ကောင်စီ နှင် ပြည်သူ့စစ်က ဆိုင်ကယ်ကို သိမ်းယူခဲ့ကြောင်း အမျိုးသားတစ်ဦးထံမှ သိရသည်။
ယမန်နေ့ ဇန်နဝါရီ ၂၉ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ဆီဆိုင်နှင့်ဆိုက်ခေါင်ကြားရှိ ညောင်ကိုင်းရွာအနီး၌ ဆီဆိုင်တွင် ပိတ်မိနေသူညီလေးကို သွားကြိုသည့် လူငယ်တစ်ဦးထံကို စစ်ကောင်စီနှင့်လက်အောက်ခံပြည်သူ့စစ်အဖွဲ့က အကြောင်းမဲ့ဆိုင်ကယ်သိမ်းယူခဲ့ကြောင်း ဆိုသည်။
“ကျွန်တော့်ညီအရင်းဆိုတော့လေ သွားကြိုတာ ညောင်ကိုင်းရောက်တော့ သူတို့နဲ့တိုးတာပေါ့။ အဲ့မှာ ကျွန်တော့်ကိုတားပြီး ဘယ်သွားမလဲတဲ့ ကျွန်တော်လည်း ကျွန်တော့်ညီကိုသွားကြိုတာပြောလိုက်တယ် သွားလို့မရတာမင်းမသိဘူးလားတဲ့၊ အဲ့မှာကျွန်တော့်ခါးကို သေနတ်ဒင်နဲ့ ၂ ချက်ထုတယ်။ “ဟု ခံရသူအမျိုးသားတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။
” ဆက်ပြီးတော့ ဆိုင်ကယ်သော့ရော ဖုန်းရော မှတ်ပုံတင်ရောယူပြီး သွားမင်းပြန်လို့ရပြီတဲ့၊ ကျွန်တော်ပြန်ပြောလိုက်တယ် အဆင်မပြေဘူးဆရာ ဖုန်းထဲလည်းဘာမှမရှိဘူး စစ်ပြီးကျွန်တော့်ကိုပြန်ပေးပါဆိုမှ ဖုန်းနဲ့မှတ်ပုံပဲပြန်ပေးတယ်” ဟု သူက ဆက်ပြောသည်။
ညောင်ကိုင်းကျေးရွာဘက်တွင် စစ်ကောင်စီနှင့် လက်အောက်ခံပြည်သူ့စစ်များ ၁၅ ဦးခန့် ရှိပြီး သွားလာသည့်လူငယ်များကို မတရားစစ်ဆေးကာ ပါလာသည့်ပစ္စည်းများ ယူနေသဖြင့် သွားလာပြည်သူများ‌ ကြောက်လန့်နေရကြောင်း ဆိုသည်။
“ဆိုင်ကယ်က အဲ့မှာရှိတဲ့သူတို့ထဲက နှစ်ယောက်မောင်းထွက်သွားတယ်ဗျ။ အဲ့မှာကျွန်တော်လည်း ညောင်ကိုင်းက နေဆိုက်ခေါင်ကိုလမ်းလျောက်ပြန်လိုက်ရတယ်။ ညီလည်းသွားမကြိုရဘူး။ ဆိုင်ကယ်လည်းသူများဆိုင်ကယ်ငှားလာတာကို သူတို့က ခုလိုပြုမူတာ အရမ်းရက်စက်လွန်းတယ်။”ဟု သူကဆက်ပြောသည်။
ဆီဆိုင်မြို့ကို PNLAနှင့် မဟာမိတ်ပူးပေါင်းတပ်များသိမ်းပိုက်ပြီးနောက် စစ်ကောင်စီနှင့် လက်အောက်ခံပြည်သူ့စစ်များက ဆီဆိုင်မြောက်ဘက် ဆိုက်ခေါင်ဒေသတကြောတွင် လှုပ်ရှားနေသည်။
ထို့အပြင် ဆိုက်ခေါင်မှ ဆီဆိိုင်မြို့ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဥ်ဖြင့် ဗုံးကြဲခြင်းများလည်း ဆက်တိုက်ပြုလုပ်နေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *