ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၉၊၂၀၂၄
စစ်ကောင်စီနှင့် လက်အောက်ခံ ပြည်သူ့စစ် တပ်သား (၃) ဦးကို မူးယစ်ဆေးဝါးနှင့်အတူ ပအိုဝ်းအမျိုးသားတပ်မတော်PNLAက ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ဆီိဆိုင်မြို့နယ်အတွင်း PNLA တပ်မတော်မှ လုံခြုံရေးကင်းလှည့်လှုပ်ရှားစဥ် စစ်ကောင်စီနှင့်လက်အောက်ခံ ပြည်သူ့စစ်က ချောင်းမြောင်း ပစ်ခတ်ရန်လှုပ်ရှားလာခြင်းကို သတင်းကြိုရသဖြင့် ဝိုင်းဝန်းပိတ်ဆို့ပြီး ဖမ်းဆီးခဲ့ကြောင်း PNLA ကယနေ့ရက်စွဲဖြင့်ထုတ်ပြန်ထားသည်။
ဖမ်းဆီးရမိရာတွင် M22 သေနတ် ၁ လက်၊ ယာမမူးယစ်ဆေးဝါးထုပ်ကြီး( ၁ )ထုပ်၊ ကျည်ဆံများနှင့် အခြားပစ္စည်းများကိုပါ သိမ်းဆည်းရမိ ခဲ့ကြောင်းသိရသည်။
ဖမ်းဆီးရမိသည့်ပြည်သူ့စစ် ( ၃)ဦးကို PNLA က ပအိုဝ်းအချင်းချင်းတိုက်ခိုက်မည်မဟုတ်သည့်အတွက် အသက်ရှင်ခွင့်ပေးထားသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အနေဖြင့် စစ်အာဏာရှင်လက်အောက်မှ ရုန်းထွက်ပြီး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ် အမြန်ဆုံးကူးပြောင်းရန်လည်း တိုက်တွန်းထားသည်။
လက်ရှိတွင် စစ်ကောင်စီနှင့် ပြည်သူ့စစ်တို့က ဆီဆိုင်မြို့ကို လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်တို့ကြောင့် ဆီဆိုင်မြို့တွင်း လုံခြုံရေးအားနည်းနေဆဲဟုသိရသည်။
ထို့ကြောင့် မိဘပြည်သူများအနေဖြင့် မလိုလားသည့်ထိခိုက်မှုများမဖြစ်စေရန် ဆီဆိုင်မြို့အတွင်းသို့ ဝင်ရောက်ခြင်း နေအိမ်ပြန်ကြည့်ခြင်း ပစ္စည်းများပြန်သယ်ခြင်းများ မပြုလုပ်ကြသေးရန်နှင့် လုံခြုံဘေးကင်းသည့် နေရာများတွင် ခေတ္တခိုလှုံနေထိုင်ကြရန် PNLA က​တိုက်တွန်းထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *