ခမ်းသားငေါဝ်း
ဇန်နဝါရီ ၂၇၊၂၀၂၄
“ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်သည်အထိ ဘဝတူညီနောင်မဟာမိတ်များနှင့်အတူ ဆင်နွဲသွားမည်” ဟူသော PNLO/PNLA ၏ထုတ်ပြန်ပြောဆိုချက်ကို PNFC မှအလေးနက်ထားထောက်ခံကြိုဆိုကြောင်း PNFC က ထုတ်ပြန်ပြောဆိုသည်။
စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းးပြီး ပြည်သူလူထုတစ်ရပ်လိုလားတောင့်တလျက်ရှိသည့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်သည်အထိ ဘဝတူညီနောင်မဟာမိတ်များနှင့်အတူ ဆင်နွဲသွားမည် ဆိုသည့်ဖော်ပြချက်ကို ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) က အလေးနက်ထားထောက်ခံကြိုဆိုပြီး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့ဇန်နဝါရီလ(၂၇)ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။
ပအိုဝ်းဒေသအတွင်းရှိ စစ်ကောင်စီ၏ မတရားအမိန့်များကို မလွန်ဆန်နိုင်ကြသည့် စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ရဲနှင့် ပြည်သူ့စစ်အနေဖြင့် ပြည်သူရင်ခွင်သို့ ယုံကြည်စိတ်ချစွာ ဘက်ပြောင်းခိုလုံကြရန်လည်း PNFC က ပန်ကြားထားပါသည်။
ပအိုဝ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို (၂၀၁၇)ခုနှစ်တွင် ကျင်းပနိုင်ခဲ့ကာ ပအိုဝ်းအမျိုးသားသွေးစည်းညီညွတ်ရေးအလံကို အမြင့်ဆုံးလွင့်ထူနိုင်ခဲ့ကြောင်း ဆိုထားသည်။
၎င်းမှရရှိခဲ့သည့် သွေးစည်းညီညွတ်ရေးကို အခြေခံကာ ပအိုဝ်းအချင်းချင်းအကြား ပဋိပက္ခမဖြစ်စေရေးအတွက် PNO/PNAအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးရန်လည်း တောင်းဆိုထားပါသည်။
“ပြည်သူသည်သာအမိ ပြည်သူသည်သာအဖ” ဟူသောမူကို စွဲကိုင်ထားကာ တော်လှန်‌ရေးတပ်ဖွဲ့ဝင်များအနေဖြင့် စစ်အာဏာရှင်နှင့် အပေါင်းအပါဖန်တီးထားသည့် “လူထုဆန့်ကျင်ရေး” ထောင်ချောက်များသို့ မကျ‌ရောက်စေရန် အထူးသတိထားဆောင်ရွက်ကြရန်နှင့် ဘက်ပြောင်းခိုလှုံလာကြသူများအား ကျင့်ဝတ်စည်းကမ်းများနှင့်အညီ နွေးထွေးစွာကြိုဆိုကြရန်လည်း PNFCက ထုတ်ပြန်ထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *